စ’မနိုက်ဖေါင်
အခု လူပြောသူပြောများနေကြတဲ့ (Clean coal Technology) သန့်စင်သော ကျောက်မီးသွေး နည်းစနစ်အကြောင်းကို ကြားနေ ရပါတယ်။ ဒီအကြောင်း ကျနော်မရေးခင်မှာ အရင်က ကျနော်ရေးသားတင်ပြခဲ့ဘူးတဲ့ “နောင်မျိုးဆက်အဆင့်ဆင့် အန္တရာယ် ကျရောက်စေမဲ့ ကျောက်မီးသွေး”ဆောင်းပါးမှာ ကျောက်မီးသွေးရဲ့ ဆိုးကျိုးအကြောင်းတွေကို နည်းနည်း ပြန်လည် ဖော်ပြချင်ပါ တယ်။
ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်လုပ်တာက ကုန်ကျစရိတ်တော့ အလွန်သက်သာပေမဲ့ ရရှိလာမယ့် ဆိုးကျိုးများကတော့ မျိုး ဆက်တွေ အဆက်ဆက် ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပါတယ်။
ကျောက်မီးသွေးကို အသုံးပြုပြီးဆိုရင် စက်ရုံရဲ့ခေါင်းတိုင်ထိပ်မှာ (၁)ကာဘွန်ဒိုင်အောက်ဆိုက်၊ (၂)ဆာလဖါဒိုင်အောက်ဆိုက်၊ (၃)နိုက်ထရိုဂျင်အောက်ဆိုက် (၄) Fly Ash လို့ခေါ်တဲ့ အဆိပ်ပြာအမှုန့် အမြဲလွှတ်ထုတ်နေပါလိမ့်မယ်။ အဆိပ်ပြာမှုန့်တွေဟာ အနီးအဝေးမှာရှိတဲ့ လယ်ယာထဲ၊ အင်းအိုင်ထဲ သောက်ရေကန်တွေမှာ စိမ့်ဝင်သွားမှာဖြစ်တယ်။ အဲဒီရေကို လူက သောက်ရမှာ ဖြစ်တယ်။ အဲလို လည်ပတ်မှုပုံစံ အဆင့်ဆင့် လူသားတွေကို နောင်မျိုးဆက်တိုင်း မျိုးဆက်တိုင်းမှာ ကပ်ရောဂါဆိုးအမျိုးမျိုးနဲ့ အစဉ်အဆက် တွေ့ကြုံခံစားရမှာ အသေအချာပါ။
အဲဒီထက်မက အစဉ်မြဲထွက်နေမဲ့ အက်စစ်ဓါတ်ငွေ့တွေဟာ လေထုညစ်ညမ်းမှုတွေ၊ အုံဆိုင်းမှုံမှိုင်းခြင်းတွေကို ဖြစ်စေပါတယ်။ အက်စစ်ငွေ့တွေဟာ မိုးရေနဲ့တွေ့တဲ့အခါမှာ အက်စစ်ပျော်ရည်ပျော့ဖြစ်သွားပြီး အဆိပ်မှုန့်များ ရရှိပြီးသား သောက်ရေကန်များ မှာ အက်ဆစ်မိုးများကို ပြန်လည်ရွာသွန်းပါတယ်။ အက်စစ်ပျော့ဟာ အလွန် အစွမ်းထက်ပြီးတော့ သက်ရှိတွေမက အဆောက် အဦးပါ ဖျက်ဆီးစေပါတယ်လို့ ပညာရှင်များက ဆိုပါတယ်။
ကျောက်မီးသွေးကြောင့် ရရှိလာမယ့် ရောဂါများကတော့ အသက်ရှူလမ်းကြောင်းရောဂါကြောင့် လူတွေသေတာ၊ ကလေးပျက် တာ၊ ကလေးအသေမွေးတာ၊ မွေးလာတဲ့ကလေးတွေ ဉာဏ်ရည်မပြည့်တာ၊ ကိုယ်ကာယ မဖွံ့ဖြိုးတာတွေ ဖြစ်တတ်ပါတယ်။ စတဲ့အချက်တွေကို ကျနော် ရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီကျောက်မီးသွေးကို အသုံးပြုပြီး ထွက်ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနေတာတွေကို သဘာဝပတ်ဝန်းကျင်လုပ်ရှားသူ တွေနဲ့ သတ္တုကျွမ်းကျင်ပညာရှင်တွေ၊ မီဒီယာသမားတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေနဲ့ စာရေးဆရာ တွေကလည်း တညီတညွှတ်ထဲ ထောက်ပြဝေဖန်ကြတာ တွေ့ရပါတယ်။
သမားရိုးကျ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံရဲ့ လုပ်ဆောင်ပုံတော့ ကျောက်မီးသွေးကို မီးဖိုထဲထည့် မီးတိုက်ပြီးမှရတဲ့ အပူနဲ့ ဘွိုင်လာကို အပူပေးပါတယ်။ ရေနွေးငွေ့အားနဲ့ တာဘိုင်ကို လှည့်ခြင်းဖြင့် ဂျင်နရေတာကို လည်ပတ်စေ ပြီး လျှပ်စစ်ကို ထုတ်ယူတာဖြစ်ပါတယ်။
စက်ရုံခေါင်းတိုင်မှ ထွက်ရှိလာတဲ့ အဆိပ်မှုန့်များ၊ အက်စစ်ငွေ့ဖမ်းတဲ့ ခေတ်မှီပစ္စည်းတွေ ဘာတခုမှမပါတော့ ခေါင်းတိုင်မှ အက် စစ်ငွေ့နဲ့ အဆိပ်မှုန့်များ တသွင်သွင် စဉ်ဆက်မပြတ် လွှင့်ထုတ်တာကြောင့် ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ အသုံး ပြုထားတဲ့ ရေတွေကို ပြန်လည်စွန့်ပစ်တဲ့အခါ မသန့်စင်ဘဲ စွန်ပစ်တဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်တွေကို အန္တရာယ်ဖြစ် စေတယ်။ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယတို့ ဖြစ်ပါတယ်။
အခု ကျနော်ပြန်လည်တင်ပြလိုတာက ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်လောက်က စတင်အသုံးပြုနေတဲ့ သန့်စင်သော ကျောက် မီးသွေးနည်းစနစ်(Clean Coal Technology) ရဲ့အကြောင်းပါ။
ဂျပန်နိုင်ငံမှာ အသုံးပြုနေတဲ့ Clean Coal Technology နည်းစနစ်ဟာ ဒေသရဲ့ချမှတ်ထားတဲ့ သဘာဝပတ်ဝန်းကျင် နည်းဥပ ဒေတွေအတိုင်း လိုက်နာတယ်။ စက်ရုံမှ ထွက်ရှိလာမယ့် အဆိပ်အတောက်တွေရှိတဲ့ အခိုးငွေ့တွေ၊ အမှုန်အမွှားတွေ၊ ရေတွေကို ခေတ်မှီနည်းစနစ်နဲ့ ပြန်လည်သန့်စင်ပြီးမှ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျ စွန့်ပစ်ခြင်းဖြစ်တယ်။
အဲဒီနည်းစနစ်ကို အသုံးပြုတဲ့ ဂျပန်နိုင်ငံ၊ ကိုနန်-မချိ၊ ဟန်ကီနန်မြို့နယ်၊ အာချိမှာရှိတဲ့ ဟန်ကီနန်းလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဟာ ဂျပန်နိုင်ငံမှာ အကြီးဆုံး ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကြီးဖြစ်ရုံမက ကမ္ဘာ့အကြီးဆုံးအဖြစ် တန်းဝင်တဲ့ စက်ရုံကြီး ဖြစ်တယ်။ စက်ရုံဧရိယာက ကုန်းမြေပိုင်းမှာ ၁,၆၀၀,၀၀ဝ စတုရန်းမီတာခန့်နဲ့ ပင်လယ်က ဖော်ဆောင်ထားတဲ့နေရာမှာတော့ ၄၈၀,၀၀ဝ စတုရန်းမီတာခန့်ရှိတယ်။ စုစုပေါင်း ထုတ်ယူနိုင်တဲ့ လျှပ်စစ်ကတော့ ၄,၁၀၀,၀၀ဝ ကီလိုဝပ်ခန့် ရှိတယ်။
အဲဒီစက်ရုံမှာ ဘွိုင်လာ၊ တာဘိုင်တွေ၊ ပါဝါဂျန်နရေတာတွေ၊ ကျောက်မီးသွေးသိုလှောင်ကွင်းမြင်းတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး အထောက်ပံ့တွေနဲ့ အခြားလုပ်ဆောင်ချက် အသီးသီးကိုယ်စီရှိတဲ့ ကိရိယာပစ္စည်းတွေကို နေရာချထားပြီး အသုံးပြုပါတယ်။ ၁၉၉၁ခုနှစ်မှာ လျှပ်စစ်ကို စတင်ထုတ်ယူခဲ့ပါတယ်။ အဲဒီစက်ရုံဟာ အောက်ပါအချက်တွေနဲ့အညီ အသုံးပြုပါတယ်။
Flue-gas Denitration Equipment (မီးခိုးငွေ့မှ နိုက်ထရိုဂျင်အောက်ဆိုက်ဓါတ်ငွေ့ကို ဖယ်ရှားတဲ့ ကိရိယာ)
အန္တရာယ်ရှိတဲ့ မီးခိုးငွေ့မှ နိုက်ထရိုဂျင်အောက်ဆိုက်ဓါတ်ငွေ့ကို ဖယ်ရှားတဲ့ ကိရိယာကို အဆင့် ၂ဆင့်ပါဝင်တဲ့ လောင်ကျွမ်းပေး စေတဲ့ (bombusion)စနစ် တပ်ဆင်ပေးထားတယ်။ Burner ဟာ ဘွိုင်လာမှထွက်ရှိလာတဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ကို လျှော့ ချပေးပါတယ်။ Flue-gas Denitration Equipment စနစ်ဟာ နိုက်ထရိုဂျင်အောက်ဆိုက်တွေကို အန္တရာယ်မရှိတဲ့ နိုက်ထရိုဂျင်နဲ့ ရေအဖြစ်သို့ ပြောင်းလဲပေးဖို့ တပ်ဆင်ခြင်းဖြစ်ပါတယ်။
Dust Collectors (အမှုန်အမွှားတွေကို စုဆောင်းတဲ့ ကိရိယာ)
Dust Collectors ကတော့ အမှုန်အမွှားတွေကို စုဆောင်းပြီး စိုစွတ်တဲ့ မီးခိုးငွေ့မှ ဆာလဖာဒြပ်ပေါင်းတွေကို ဖယ်ရှားတဲ့ ကိရိ ယာတွေ ဖြစ်တယ်။ အမှုန်အမွှားတွေ ထွက်ရှိမှုကို လျှော့ချပေးပါတယ်။
Flue –Gas Desulfurization Equipment (မီးခိုးငွေ့မှ ဆာလဖါဒိုင် အောက်ဆိုက် များကို ဖယ်ရှားခြင်း)
မီးခိုးငွေ့တွင် ပါဝင်တဲ့ ဆာလဖာဒိုင်အောက်ဆိုက်ဓါတ်ငွေ့များကို ထုံးကျောက်နဲ့ ဓါတ်ပြုစေပြီးတော့ အသုံးဝင်တဲ့ ပြာတွေရရှိစေဖို့ တပ်ဆင်ထားခြင်းဖြစ်ပါတယ်။
Wind Fence (လေကာတံတိုင်းများ)
ကျောက်မီးသွေးသိုလှောင်တဲ့ ကွင်းပြင်ကို လေနဲ့ဖြန့်လွှင့်မှုကို လျှော့ချရန်အတွက် ၁၈မီတာမှ ၂ဝမီတာအထိမြင့်တဲ့ လေကာတံ တိုင်းများနဲ့ ကာရံထားပါတယ်။ လိုအပ်ရင် ကျောက်မီးသွေးသိုလှောင်တဲ့ ကွင်းပြင်ကို ရေများနဲ့ဖြန်းပက်ပေးပါတယ်။ ကျောက်မီး သွေး သယ်ယူပို့ဆောင်တဲ့ ကိရိယာလမ်းကြောင်းတွေကိုလည်း အမှုန်ရဲ့ အကာအကွယ်တွေ တပ်ဆင်ထားပေးပါတယ်။ ကျောက် မီးသွေးအမှုန်များ ပြန့်နှံ့သွားခြင်းကို ကာကွယ်ဖို့ဖြစ်တယ်။
Integrated Effluent Treatment System (စုပေါင်းစွန့်ထုတ်ရေ သန့်စင်မှုစနစ်)
Power plant လည်ပတ်မှုမှာ ထွက်ရှိလာတဲ့ စွန့်ထုတ်မှုတွေအားလုံးကို သန့်စင်ပေးပြီး ရေသန့်အဖြစ်သို့ စွန့်ထုတ်ဖြစ်တယ်။
Measures to Counter Thermal Effluent (အပူစွန့်ထုတ်မှုကို တိုက်ဖျက်ဖို့ တိုင်းတာမှု)
အပူစွန့်ထုတ်မှုကို ရေမျက်နှာပြင်သို့ စီးဆင်းနှုန်းနဲနဲနဲ့ ထွက်ရှိစေပါတယ်။ Power plant အနီရှိ အပူစွန့်ထုတ်မှုရဲ့ အကျိုးဆက် တွေကို လျှော့ချစေပါတယ်။
Environment Monitoring Equipment (သဘာဝပတ်ဝန်းကျင် ထောက်လှမ်းရေးကိရိယာ)
တိုင်းတာရေးကိရိယာတွေကို မီးခိုးငွေ့ ထွက်ရှိရာမှာ ထားရှိပြီးတော့ ဆာလဖါဒိုင် အောက်ဆိုက်နဲ့ နိုက်ထရိုဂျင် အောက်ဆိုက် တွေ ထွက်ရှိမှုကို ထောက်လှမ်းပေးတယ်။ တိုင်းတာတဲ့ Station တွေနဲ့ အနီးနာရှိထောက် လှမ်းမှုတွေကို ပြုဆောင်ပေးပါတယ်။
Noise Control Measures (အသံထိန်းချုပ်တိုင်းတာမှု)
အသံများကို လျှော့ချဖို့အတွက် အသံကာနံရံတွေကို ဘွိုင်လာနဲ့တာဘိုင်၊လေထုတ် ပန်ကာတွေမှာ အသံတိတ်ကိရိယာတွေ တပ် ဆင်ပြီး Unit 4 နဲ့ Unit5 ရှိ Main transformer တွေက အသံနိမ့်အမျိုးအစားကို အသုံးပြုထားပါတယ်။
Fully Fledged Disaster Prevention System (ဘေးအန္တရာယ် ကာကွယ်ရေးကိရိယာ)
ရုတ်တရက် မီးလောင်ကျွမ်းရင် ဓါတ်တုမီးတွေအတွက် fire engine နဲ့ water cannon truck မီးသတ်ကားတွေကို မီးငြိမ်းသတ် ဖို့အတွက် အသင့်ရှိနေပါတယ်။
Efficient of Renewable Energy (ပြန်လည်ရယူထားတဲ့ စွမ်းအင်ကို အကျိုးရှိအောင် အသုံးချခြင်း)
အသွား ၃ချောင်းပါ အမြင့် ၃ဝမီတာရှိတဲ့ လေအားသုံးလျှပ်စစ်ထုတ်တဲ့ single circular type ထာဘိုင်တွေကို တပ်ဆင်ထားပါ တယ်။ အဲဒါတွေဟာ ၂၅ဝကီလိုဝပ်ကို ထုတ်လုပ်ပေးနိုင်ပြီး နှစ်စဉ် Co2 ထုတ်လုပ်မှု ၄၃တန်ကို လျှော့ချပေးနိုင်တယ်။ Electric power Museum ရဲ့ အမိုးကိုလည်း ဆိုလာစနစ်များနဲ့ တပ်ဆင်ထားတယ်။
Greenery (စိမ်းလန်းစိုပြေရေး)
စက်ရုံရဲ့ ၂၅ရာခိုင်နှုန်းရှိတဲ့ နေရာလွတ်တွေမှာ စိမ်းလန်းစိုပြေတဲ့ သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပေးထားတယ်။
Measures to Counter Coal Ash (ကျောက်မီးသွေးပြာမှုန့်တွေကို ဖယ်ရှားတဲ့ တိုင်းတာမှု)
ကျောက်မီးသွေးပြာတွေကို ဘိလပ်မြေလုပ်ဖို့ကောင်းမွန်တဲ့ ကုန်ကြမ်းဖြစ်တယ်။ စိုစွတ်စေပြီးပြာကန်မှာ မြှပ်နှံထားတဲ့ ရေးထား နိုင်တဲ့ တည်ဆောက်ပုံနဲ့ တည်ဆောက်ပေးကာ ပြာမှုန့်တွေ ပင်လယ်၊ မြစ်တို့ထဲမှာ ထွက်မသွားဖို့ တားဆီးပေးပါတယ်။ ပြာမှုန့် တွေ လွှင့်မသွားစေဖို့အတွက် ကန်ကို သံတွေနဲ့ဖုံး အုပ်ပေးထားပါတယ်။
ဒီအချက်တွေအားလုံးဟာ ဖော်ပြချက်သက်သက်မဟုတ်ပဲ စက်ရုံရဲ့တကယ့် လက်တွေ့အနေအထားအရ မှာလည်း အသုံးပြုတာမြင်တွေ့ရတယ်။ စက်ရုံရဲ့ စွန့်ပစ်ရေတွေကို သွားရောက်ကြည့်တဲ့အခါမှာ ငါးအကြီး၊ အသေး၊အလတ်တွေ အရှင်လတ်လတ် ရှိနေကြတာ တွေ့ရပြီးတော့ ငါးမျှားသမားတွေ၊ တံငါသယ်တွေ အများကြီး ငါးရှာတွေကြတာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ စက်ရုံဝင်းအတွင်းမှာလည်း အပန်းဖြေဥ ယဉ်တွေ၊ သစ်ပင်ပန်းပင်တွေလည်း စိုက်ပျိုးထား တာ တွေ့မြင်ခဲ့ရပါတယ်။ နောက် သဘာဝ ငှက်မျိုးစိပ် တွေလည်း မြင်တွေ့ခဲ့ပါတယ်။
ကျနော်ဟာ ပညာရှင်တစ်ယောက်မဟုတ်သလို ကျောက်မီးသွေးလျှပ်စစ်စက်ရုံ လာတည်ဆောက်ဖို့၊ မတည်ဆောက်ဖို့ မပြောလို ပါ။ ကရင်ပြည်နယ်အစိုးရရဲ့ စေလွှတ်ချက်အရ ဂျပန်နိုင်ငံသို့ ဒေသခံ မီဒီယာတစ်ဦးအနေနဲ့ သွားရောက်လေ့လာခြင်း ဖြစ်တယ်။ ဒါတွေက ကျနော်တို့အဖွဲ့ရဲ့ အမှန်တွေ့ရှိချက်ဖြစ်တယ်။ ဘက်လိုက်မှုမရှိပဲ အမြင်ကိုအမြင်တိုင်း၊ အရှိကို အရှိအတိုင်း ရေးသား ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ ပညာရှင်တွေအနေနဲ့ ကိုယ်တိုင် သွားရောက်လေ့လာသင့်တယ်လို့တော့ ကျနော် ယူဆပါတယ်။
နိုင်ငံတစ်နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတာက လျှပ်စစ်စွမ်းအင်ပါ။ လျှပ်စစ်ပြည့်ပြည့်ဝဝ ရရှိလာပါက လူနေမှုအဆင့်တန်းလည်း တိုးတက်မြင့်မားလာမယ်။ ဒေသအတွင်းစီပွားရေး တိုးတက်လာမယ်။ လူမှုဘဝ ဖူလုံကောင်းမွန်လာ မယ်။ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ၊ ဒေသအတွင်း ခရီးသွားလာမှုတွေ၊ သွင်းကုန်ထုတ်ကုန်တွေလည်း ပိုမို တိုးတက်ရရှိလာ မယ်။ အစိုးရရဲ့ဘဏ္ဍာငွေလည်း ပိုမိုရရှိလာပြီး အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ်။
ကမ္ဘာ့နိုင်ငံအသီးသီးတွေနဲ့ အနေအထားအရ လျှပ်စစ်ထုတ်လုပ်မှုကို နည်းလမ်း ၆မျိုးနဲ့ ထုတ်ယူနေကြပါတယ်။ အဲဒီနည်းလမ်း တွေကတော့ ရေအား (၁၆%)၊ အဏုမြူအား(၁၁%)၊ သဘာဝဓတ်ငွေ့(၂၂%)၊ ရေနံ(၅%)၊ ကျောက်မီးသွေး(၄၁%)၊ အခြား (ဥပ မာ- နေ-လေ) (၅%) ဖြစ်တယ်။ ကမ္ဘာ့အနေအထားနဲ့ ကျောက်မီးသွေးကို အများဆုံး အသုံးပြုနေတာ တွေ့ရပါတယ်။
အာဆီယံနိုင်ငံတွေမှာ မလေးရှားနိုင်ငံက ၂၀၁၃ခုနှစ်အထိ လူတစ်ဦးချင်းအလိုက် တစ်နာရီမှာ လျှပ်စစ်အသုံးပြုမှုပျမ်းမျှ ၄၃၄၆ယူ နစ်ရှိ အာဆီယံနိုင်ငံတွေမှာ အများဆုံးဖြစ်တယ်။ လျှပ်စစ်အနည်းဆုံး အသုံးပြုတဲ့ နိုင်ငံကတော့ မြန်မာနိုင်ငံပဲဖြစ်တယ်။ တစ်နာရီ ကို ပျမ်းမျှခြင်းအားဖြင့် တစ်ဦးကို ၁၅၆ယူနစ်သာရှိတယ်လို့ Reference Power Sector Development in Myanmar, ADB Economics Working Paper Series, No-460,Oct-2015 မှ ဖော်ပြချက်အရ တွေ့ရပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်လိုအပ်ချက်မှာ အလွန်ပဲ ကြီးမားတာကို တွေ့ရတယ်။ ကျနော်တို့မြန်မာနိုင်ငံရဲ့ အနာဂတ် အတွက် လျှပ်စစ်စွမ်းအင်ကို လုံလောက်အောင် သုံးစွဲနိုင်ဖို့နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့၊ လျှပ်စစ်ထုတ်ယူဖို့အတွက် ဘယ်နည်း လမ်းကို အသုံးပြုသင့်သလဲဆိုတာ ကျနော်တို့ အတူတကွ အဖြေရှာကြပါစို့လို့ ကျနော်ဉာဏ်မှီသလောက် သုံးသပ်တင်ပြလိုက်ပါ တယ်။
မှတ်ချက် – ဤစာမူဆောင်းပါးသည် ကိုယ်တိုင် သွားရောက်ခဲ့သည့် သတင်းသမား၏ လေ့လာချက်မှတ်တမ်း ဖြစ်သည်။