ဧပြီ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ စောမြတ်ဦးသာ
ကရင်အမျိုးသမီးအစည်းအရုံး (KWO)၏ ယနေ့(ဧပြီ ၅ရက်)တွင် ကျရောက်သည့် ဖွဲ့စည်းတည်ထောင်ခြင်း ၃၂ နှစ် မြောက် အခမ်းအနားကို ဝင်းရေးမြို့နယ် ကရင်အမျိုးသမီးအစည်းအရုံးက ဦးဆောင်ပြီး မွန်ပြည်နယ် လမိုင်းမြို့နယ်ခွဲ( ဝင်းရေးမြို့နယ်) ဘဲလမုကျေးရွာ ကျင်းပသွားခဲ့သည်ဟု သိရသည်။
ဝင်းရေးမြို့နယ် KWO ဥက္ကဌ နော်အယ်ကလိုဖော့က “နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးမှာ ကရင်အမျိုးသမီးတွေ ဦးဆောင်ပါဝင်လာနိုင်အောင်ပေါ့နော် အဓိကရည်ရွယ် လုပ်တာပေါ့။ အချိန်ပြည့် မီးဖိုချောင်ထဲမှာပဲနေလာရတော့ ဦးဆောင်မှုအပိုင်းမှာ ကျမတို့ကိုယ်၌က ကြိုးစားဖို့လိုအပ်သေးတယ်။ အမျိုးသမီးတွေပဲဆိုပြီး ဦးဆောင်မှုအပိုင်းမှာ နေရာပေးမှုနည်းသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကရင်အမျိုးသမီးအစည်းအရုံးနေ့အခမ်းအနားသို့ ကျေးရွာ ၂ဝ ကျော်မှ လူဦးရေ ၃၀ဝ နီးပါး တက်ရောက် လာကာ ကရင်အမျိုးသမီး ရိုးရာဝတ်စားဆင်ယင်မှု၊ ဆံရှည်အလှပြိုင်ပွဲနှင့် အမျိုးသမီးအကြမ်းဖက်မှု ပြဇာတ်ပြိုင်ပွဲ များ ထည့်သွင်းကျင်းပခဲ့သည်။
ဘဲလမုကျေးရွာမှ နော်အဲ့ဖေားက “ ကရင်အမျိုးသမီးနေ့ ရှိတာ အခုမှသိတယ်။ အမျိုးသမီးတွေက နိုင်ငံရေး၊ စီးပွား ရေးမှာ ယောက်ျားတွေနဲ့ တန်းတူလုပ်နိုင်တယ်ဆိုပြီး သိလာတယ်ပေါ့နော်၊ နယ်စုံက သူငယ်ချင်းတွေစုံ တွေ့ရတော့အ ရမ်းပျော်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်အမျိုးသမီးအစည်းအရုံး (KWO)ကို ၁၉၄၉ ခုနှစ်တွင် ကော်သူးလေ ကရင်အမျိုးသမီးအစည်းအရုံးအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်တွင် ဖွဲ့စည်းပုံနှင့်တကွ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ယနေ့ကျရောက်သည့် ၃၂ နှစ်မြောက် KWO နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး-KNU ခရိုင် ၇ ခုနှင့် မြို့နယ်အချို့တွင် ကျင်းပခဲ့ကြပြီး ဝင်းရေးမြို့နယ် အနေဖြင့် ၃ ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဝင်းရေးမြို့နယ် KWO အဖွဲ့သည် ယင်းဒေသရှိ အမျိုးသမီးများကို ပညာရေး၊ ကျန်းမားရေး၊ အမျိုးသမီးစွမ်းရည်မြင့် အသိပညာပေးသင်တန်းများ သင်ကြားပေးလျှက်ရှိသလို ရုပ်ပိုင်းသော်လည်းကောင်း၊ စိတ်ပိုင်းသော်လည်းကောင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ကူညီဆောင်ရွက်ပေးလျှက်ရှိသည်ဟု ဝင်းရေးမြို့ နယ် KWO ဥက္ကဌ နော်အယ်ကလိုဖော့က ပြောသည်။



















