ဧပြီ ၁၂ရက်၊ ၂၀၁၇ခုနှစ်။ စောခါးစူးညား
ကော့ကရိတ်မြို့နယ်တွင် မတ်လအတွင်း မြင်းဆေး (ခေါ်) စိတ်ကြွဆေးပြား မူးယစ်ဆေးသုံးစွဲသူများအား ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး လက်အောက်ခံ ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)ထံမှ ဖမ်း ဆီးအရေးယူခဲ့ရာ အရွယ် မရောက်သေးသည့် ၁၄နှစ်မှ ၁၈နှစ်အောက်အရွယ်များလည်း ပါဝင်ကြောင်း KNPF က ပြောသည်။
မတ်လ ၁၇ရက်မှ ၂၃ရက်နေ့အထိ ကော့ကရိတ်မြို့နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ထောဝါးလော်ကျေးရွာအုပ်စု၌ မသကင်္ာ ဖွယ် လူ ၁၀၉ဦးအား တိုင်းတာစမ်းသပ်သည့် ကိရိယာဖြင့် စစ်ဆေးခဲ့ရာ ၆ဝနီးပါးမှာ ဆေးသုံးစွဲထားကာ ၎င်းတို့အနက် အရွယ်မ ရောက်သေးသူ ၂ဝရာခိုင်နှုန်း ပါဝင်နေခြင်းဖြစ်သည်ဟု ကော့ကရိတ်မြို့နယ် KNPF ရဲတပ်ဖွဲ့မှူး ဗိုလ်ကြီးစောအကျော်က ကေအိုင်စီသို့ ပြောသည်။
“ကလေးဆိုတာက မြင်ရင် အတုခိုးတတ်ကြတယ်လေ။ ရောင်းတဲ့သူ ရှိနေသမျှ သုံးတဲ့သူ ရှိနေဦးမှာပဲ။ ကျနော့်အမြင်ကတော့ အစိုးရကိုယ်၌က ဒါကို ပြတ်ပြတ်သားသား တိုက်ဖျက်မှသာ ရမယ်။ မူးယစ်ဆေးဝါးဟာ ကျနော်တို့တွေကို အညွှန့်တုံးစေတယ်။ အဲဒီအတွက် တတ်စွမ်းသလောက် ကျနော်တို့ လုပ်ဆောင်သွားမယ်။ ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်”ဟု ၎င်းက ပြော သည်။
ထိုသို့ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာတွင် KNPF နှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အပြင် ကျိုက်ဒုံရှိ အစိုးရ ရဲတပ်ဖွဲ့ဝင်အချို့လည်း ပူးပေါင်းပါဝင်ကြောင်း၊ ဆေးသုံးစွဲမှုရှိမရှိကို ၁၄နှစ်မှ ၆ဝအရွယ်အထိ စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး သုံးစွဲသူ အများစုမှာ လူငယ်များဖြစ်ကြောင်းလည်း KNPF ရဲတပ်ဖွဲ့မှူး ဗိုလ်ကြီးစောအကျော်က ဖြည့်စွက်ပြောဆိုသည်။
၎င်းအပြင် ယခုလပိုင်းအတွင်း စိတ်ကြွဆေးသုံးစွဲမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်သည့် လူငယ်များရှိသလို မြို့နယ်အတွင်းရှိ အချို့ရွာများတွင် အမျိုးသမီးများပါ သုံးစွဲနေသည်ကို သတင်းရရှိထားကြောင်း ကော့ကရိတ်မြို့နယ် KNPF က ဆိုသည်။
KNPF ထုတ်ပြန်ထားသည့် စည်းမျဉ်းဥပဒေအရ ပထမ သတိပေးမှုအနေဖြင့် ဝန်ခံကတိနှင့် ဒဏ်ငွေကျပ် တစ်သိန်း ပေးဆောင်ရ မည်ဖြစ်ပြီး မဆောင်နိုင်ပါက အလုပ်ကြမ်းနှင့်အတူ ရက်ပေါင်း ၂ဝ ထိန်းသိမ်းခံထားရမည်ဟု ပါရှိသည်။ ယခု စစ်ဆေးတွေ့ရှိသူ များမှာ ဒဏ်ငွေကိုသာ ပေးဆောင်ခဲ့ကြသော်လည်း နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိပါက ၎င်းတို့အား အလုပ်ကြမ်းဖြင့် ထိန်းသိမ်း သွားမည်ဟု KNPF က သတိပေးထားသည်။
ကော့ကရိတ်မြို့နယ် ဒေသခံတစ်ဦးဖြစ်သူ စောအောင်စိုးက “ကလေးတွေ ဆေးသုံးစွဲတာ အနာဂတ်အတွက် ရင်လေးစရာပါ။ ဆေးက ပေါများတဲ့အတွက် လက်ရှိ အနေအထားကတော့ သုံးစွဲမှုလျော့လာဖို့ဆိုရင် ပညာပေးမှု များများလုပ်ဖို့ နည်းလမ်းသာ အကောင်းဆုံးဖြစ်မယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ယင်းသို့ မူးယစ်ဆေးဝါး တိုက်ဖျက်မှုလုပ်ငန်းတွင် ပြည်သူလူထုများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ကေအဲန်ယူ ဒူးပလာယာ ခရိုင်၊ ဝင်းရေးမြို့နယ်အတွင်း (KNPF)မှလည်း ယခုလ ဧပြီလ ၅ရက်နေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ကော့က ရိတ်မြို့နယ် ထောဝါးလော်အုပ်စုတွင် ထောဝါးလော် အပါအ ဝင် မယ်သရောထာ့၊ ကွီးကလယ်၊ မဲတလဲ၊ ပူးချိမူနှင့် ကွီးလေး ကျေးရွာများ တည်ရှိသည်။



















