ဖေဖော်ဝါရီ ၁ဝ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံးဒိုမြို့နယ်လုံးဆိုင်ရာ ၁၉၁ ကြိမ် ကရင်ရိုးရာ မီးပုံပွဲတော်ကြီးကို ကျုံဒိုး မြို့ပေါ်ရှိ၊ ဓမ္မသုခဘုန်းကြီးကျောင်းဝင်း၌ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စည်းကားသိုက်မြိုက်စွာ စတင်ကျင်းပနေပြီးဖြစ်သည်။
အဆိုပါ မီးပုံပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ဓမ္မသုခကျောင်းတိုက် ဆရာတော် ဥူးသေဌိလက “ကျုံဒိုး မီးပုံပွဲဆိုတာ၊ ဘုန်းကြီးတို့ ကရင်အယူမှာ မကောင်းတဲ့အရာမှန်သမျှ ကျွတ်လွှတ်စေချင်လို့ အမွှေးနံသာတွေနဲ့ လာရောက် ဆုတောင်းပြီး မီးရှို့လိုက်တာပါ။ အဓိပ္ပါယ်အများကြီးရှိတယ်။ မီးပုံကြီးကို အဓိကထားပြီး ပွဲကတော့ ဒုတိယပေါ့။ လာဆုတောင်း တဲ့လူတွေ က ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်ပဲ၊ ကြာလာတော့ ပွဲတော်ကြီး ပိုပြီးစည်ကားလာတယ်။ စီပွားရေး လာလုပ်တဲ့သူတွေများ လာတယ်။ အဲဒါတွေဖြစ်လာတာပေါ့”ဟု ကေအိုင်စီသို့ မိန့်ကြားသည်။
ယင်းမီးပုံပွဲသည် ကရင်စကားဖြင့် (ဍွဲအုဂ်ဒါန့်) သေဆုံးသောသူ အလှူဒါန ပြုလုပ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုပြီး မီးပုံကြီးဖြစ်လာရန်အတွက် အနယ်နယ်အရပ်ရပ်မှ ဝါးကိုမယူဘဲ သစ်များကိုသာယူပြီး နနွင်း၊ နှမ်းဆီများနှင့် သုတ်လိမ်း၍ ရှို့မည့်နေရာများတွင် စုပေါင်းစိုက်ထူပြီး တပို့တွဲ လပြည့်မနက် နေမထွက်ခင် အချိန်တွင် စုပေါင်းမီးရှို့ခြင်းဖြစ်သည်ဟု ဆရာတော် ဥူးသေဌိလက ဖြည့်စွက် မိန့်ကြားသည်။

လက်ရှိ ကျင်းပနေသည့် မီးပုံပွဲတော်ကြီးသို့ ကရင်တိုင်းရင်းသားအပြင် ပအိုဝ်း၊ ရှမ်း(သျှမ်း)၊ နာဂနှင့် ထိုင်းနိုင်ငံမှ ဧည့်သည် တော်များလည်း လာရောက်ပါဝင် ဆင်နွှဲနေကာ ယခင်နှစ်များထက် ပိုမိုစည်းကားနေသည်။ သို့သော် ပွဲတော် အဖွင့် ဆိုင်းဘုတ်ကို ဗမာဘာသာစကားတစ်မျိုးသာ ထည့်သွင်းရေးထားသည့်အပေါ် နောင်နှစ်များတွင် ကရင်စာ ဖြင့်လည်း ရေးသားကြရန်လိုသည်ဟု ဒေသခံများက မှတ်ချက်ပြုပြောသည်။
“ကျမတို့က နှစ်တိုင်း မီးပုံကြီးနေရာမှာ လာဆုတောင်းတယ်။ ဆုတောင်းပြီး ပွဲတွေလိုက်လည်တယ်။ တစ်နှစ်ထက်တစ်နှစ် ပို စည်ကားလာတာတွေ့ရတယ်။ နာဂလူမျိုးတို့ ရှမ်းလူမျိုးတို့ အဝေးကနေလာပြီး ပျော်ရွှင်စွာပါဝင်ဆုတောင်းတာ တွေ့ရ တော့ အင်မတန်ဝမ်းသာမိတယ်။ ပွဲဆိုင်းဘုတ်နဲ့ ဒုံးစင်မှာ ကရင်စာပေနဲ့ခေါင်းစဉ်တပ်ထား တာမတွေ့ရဘူး။ အခြားသူတွေ လည်း ဒီကိစ္စကိုပြောနေတာ သတိထားမိတယ်။ ကရင့်ရိုးရာပွဲဆိုတော့ ကရင်စာတော့ရေးသင့်တယ်” ဟု ကော့ကရိတ်မြို့မှ အခမ်းအနားတက်ရောက်ခဲ့သူ နန်းလှသန်းက ပြောသည်။
ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်ထိ ပြုလုပ်ကျင်းပသွားမည့် အဆိုပါ ရိုးရာ မီးပုံပွဲတော်ကို ဒုံးအကဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာ လက်ဝှေ့ပွဲ၊ ဇာတ်သဘင်နှင့် ခေတ်ပေါ် တေးဂီးတဖျော်ဖြေပွဲများ ထည့်သွင်းပြုလုပ်သွားမည်ဟု ပွဲတော်တာဝန်ခံများထံမှ သိရသည်။
ကရင့်ရိုးရာ မီးပုံပွဲတော်ကို ကရင်ပြည်နယ်အပြင် မွန်ပြည်နယ် အတွင်းရှိ ကရင်လူမျိုးများနေထိုင်ရာဒေသတွင်လည်း နှစ်စဉ် တပို့တွဲလပြည်နေ့တွင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။



















