(လကင်္ာဒီပ)
(ဇန်နဝါရီ ၂၃၊ ၂၀၁၇)
ထောင့်ကိုးရာခြောက်ဆယ် (၁၀)တန်းအောင်
ထောင့်ကိုးရာခြောက်ဆယ့်ငါးမှာ
သူဟာ နိုင်ငံရေးသိပ္ပံဘွဲ့နဲ့ကျောင်းပြီးလို့
တို့အတွက် သီးပွင့်လာခဲ့တယ်
တကယ်ပါ တောကျောင်းကျေးရွာလေးရေ
ရွှေကြာကြီးတစ်ပွင့်
သင် ထမ်းပင့်မွေးထုတ်ပေးခဲ့တာ ကျေးဇူးပါ။
အရှုတ်အထွေး အလိမ်အညာများ
ကျောသားရင်သား ခွဲခြားတဲ့
စနစ်ရဲ့ ခေတ်လမ်းကြမ်းကြီးကြား
မှန်တရားကို သက်သေပြမယ်တဲ့
သူ လာခဲ့တယ် ပဲခူးရိုးမကြီးရေ
မြေလိုကျင့်တဲ့ ရင်ဘတ်ကြီးနှင့်
အဆင့်ဆင့်ဇာတ်လမ်း ဇာတ်ရာ
ထောင့်ကိုးရာ ခြောက်ဆယ့်ငါးမှာ စခဲ့တယ်။
လောဘတွေ ဒေါသတွေ
အတ္တတွေ ဆုံးရှုံးနစ်နာမှုတွေ
ဝေဒနာ မညီမျှမှုတွေ
ပေကျံစွန်းထင်း နစ်ဝင်နေကြ
ဗကပနဲ့ ကေအဲန်ယူပီတို့ရဲ့
ဝါဒနဲ့ သဘောတရား တိုက်ပွဲအကြား
ကြားနေရင်း လေ့လာသင်ယူရင်း
တိုင်းရင်းသားလူမျိုးများရဲ့
တူညီတဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်
အလင်းပွင့်ကြယ်စင်
သခင်ချစ် မကွယ်လွန်မှီလေး
အရ ယူပေးနိုင်ခဲ့တယ်။
ငါးနှစ်ကြာ တရုတ်ခရီးစဉ်ဝယ်
ဒီမယ် သခင် ဗသိန်းတင်ရေ
တစ်ပြေ(ပြည်)ထောင်စနစ်နဲ့
ခင်ဗျားရဲ့ ပစ္စည်းမဲ့အာဏာရှင်ဝါဒ
ဗကပသာလျင် ရင်ဆိုင်
နိုင်ငံရေးကြမ္မာကို ဖန်တီးနိုင်မယ်
အလွယ်ဆိုတဲ့စကား
တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ
သဲထဲရေသွန်သလို
မှောင်ညိုတိမ်ဖုံး ဖြစ်ခဲ့ရဖူးပြီ။
မြောက်ပိုင်းမဟာမိတ်နဲ့ ဗကပ
စစ်မဟာမိတ်စာချုပ်ရဲ့အပြစ်
ရှစ်ဆယ့်ခြောက်ခုနှစ်မှာ
သူဟာ သာမန်ရဲဘော်ဘဝနဲ့ပဲ
တစ်လွဲဒဏ် သင့်ခံခဲ့ရဖူးတယ်။
နွံမနစ်တဲ့ရွှေကြာ
သုံးနှစ်မှာ နလန်ထ
ဗိုလ်ချုပ်မြရဲ့ ကိုယ်ရေးအရာရှိအဖြစ်နဲ့လေ
အေဘီအက်စ်ဒီအက်ဖ်ကို
ပျိုမျှစ်သစ်လွင်စွာ တည်ထောင်စုပျိုး
“သေ့ပေါဘိုး”ရေ နင် မှတ်မိနေအုံးမှာပေါ့နော်။
တစ်ဖက်လူကို အသက်ရှူကြပ်အောင်
လုပ်ဆောင်နေတဲ့ အာဏာရှင်စစ်အုပ်စု
တုပတွန်းလှန်နိုင်ဖို့ရာ
ညီညာတဲ့ တပ်ပေါင်းစုနဲ့သာ
လိုရာကို သွားနိုင်ကြမှာအမှန်
အဲန်စီယူဘီနဲ့ ဒီအေဘီ တပ်ပေါင်းကိုစုပြီး
ခရီးလမ်းကို စုစည်းပေးခဲ့တယ်။
၂၀၀၈ ဖေဖေါ်ဝါရီ ၁၄ အသွင်
ဗာလင်တိုင်း ချစ်သူများနေ့တွင်ပင်
ကရင့်တော်လှန်ရေး ကောင်းကင်ပြင်ကြီးမှာ
စစ်အာဏာရှင်ရဲ့လက်ဝေခံ
ကေအဲန်ယူရှိ လောက်ကောင်တချို့ကြောင့်
တောက်ပသော ကြယ်တစ်ပွင့်
ကြွေလွှင့်သွားခဲ့ရရှာပြီ
အာဇာနည်ပီပီပါပဲ ပဒိုမန်းရှာ။
ရေဆန်ကလောင်လက်နက်နဲ့လေ
အသေခံ ထွက်ခဲ့တဲ့ဖထီး
ဒီခရီးမှာ ရေဆန်တစ်ဖက် သေနတ်တစ်လက်
တို့တွက် ဒလစပ် ကာကွယ်ပေးခဲ့တယ်
တကယ် လက်သံပြောင်သလို
အပိုအလိုစကား မပြောခဲ့ရှာ
အာခံတွင်း ရဲရဲတောက်ခဲ့တဲ့ ဖထီး
နှမျောပြီးရင်း နှမျောမိပြီ
အဲဒီနေ့ အဲဒီနေရာ
ဖထီးသာ မရှိခဲ့ရင် အကောင်းသား။
တချို့က လက်နက်ကိုင် မူးယစ်ရာဇာ
တချို့မှာ လက်နက်ကိုင် နယ်ခြားစောင့်ကာ
တချို့မှာ လက်နက်ကိုင်တော်လှန်ရေးလုပ်စား
တချို့များ လက်နက်ကိုင် မက်လုံးထိုင်စား
တချို့များ လက်နက်ကိုင် ဒူးထောက်အညံ့မခံပြီ
ယုံကြည်ရာ ပန်းတိုင်အတွက်
ရှေ့ဆက်နေကြသူတွေရှိတယ် ဖထီး။
ကောင်းမွန်ရာ သုဂတိဘုံဌာန
ရွှင်ပြ အေးမြနေပါစေဖထီး
နေမင်းကြီးကွယ်ရင် လမင်းကြီးလာလိမ့်မယ်
တကယ်စံပြ ဖထီးလို
တာဝန်ကို သက်စွန့်ဆံဖျား
ထမ်းရွက်သွားရန်အတွက်
ကျုပ် လက်နက်ကိုင်ရန် လာနေပါပြီ ဖထီးရေ။



















