ဇန်နဝါရီ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး
စစ်ဖြစ်ပွားရာဇုံအတွင်း နိုင်ငံတကာ ငွေကြေးကော်ပိုရေးရှင်း -IFC ၏ မြန်မာနိုင်ငံတွင်း ရေကာတာတည် ဆောက်ရေးမြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်များပြုလုပ်နေမှုအပေါ် ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံမြစ်ချောင်း များဆိုင်ရာကွန်ရက်-BRN နှင့် သံလွင်ထိန်းသိမ်း ကာကွယ်ရေးကွန်ရက်-SSN တို့မှ ယနေ့(ဇန်နဝါရီ ၂၇)တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန် ပြောဆိုလိုက်သည်။
ငြိမ်းချမ်းရေးတည်ဆောက်သည့် ကာလအတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် တို့၏ စစ်ရေးပဋိပက္ခဇုံများ၌ ရေကာတာတည်ဆောက်ရေး အစီအစဉ်များမှာ တိုင်းပြည်ပဋိပက္ခကို ပိုမို ဖြစ်ထွန်း စေသောကြောင့် ၎င်းအစီအစဉ်များကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု ကွန်ရက်၏ ပြောခွင့်ရ စောသာဘိုးက ပြော သည်။
၎င်းက “IFC လုပ်နေတာက အချိန်စောသေးတယ်။ နောက်ပြီး ကျနော်တို့ဆီက ပူးပေါင်းပါဝင်မှုမရှိဘူး။ ဒေသခံ တွေနဲ့ ပွင့်လင်းမြင်သာမှု ရှိမနေဘူး။ ဗဟိုချုပ်ကိုင်မှုကို အားပေးနေသလိုဖြစ်နေပြီးတော့ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို ကျနော်တို့က ပြောတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအစီအစဉ်ကို ကမ္ဘာ့ဘဏ်ဌာနခွဲဖြစ်သည့် IFC ၏ ပုဂ္ဂလိကငွေကြေးထောက်ပံ့ကာ ဘက်ပေါင်း စုံပါဝင်သည့်
အစုရှယ်ယာဖြင့် မြန်မာနိုင်ငံ ရေအားလျှပ်စစ်ကဏ္ဍအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဆိုင်ရာ အ ချက်အလက် ကောက်ယူရေး မဟာဗျူဟာ ချမှတ်ရေး အလုပ်ရုံဆွေးနွေးပွဲဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်နေ့တွင် ရန် ကုန်မြို့ အပါအဝင် ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၃ ရက်နေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့တို့၌ ပြုလုပ်သွားမည်ဟု သိရသည်။
၎င်း မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုစစ်တမ်းဆောင်ရွက်မှုများကို ဆန့်ကျင်ကန့်ကွက်ခြင်း မဟုတ်ဘဲ အရပ်ဖက်နှင့်လူထုအခြေပြုအဖွဲ့အစည်းများ၊ ဒေသခံများ၏ စိုးရိမ်သံနှင့် အခွင့်အရေးများကို ဥပက္ခာပြုခံထားရသည့်အပေါ် လက်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုစစ် တမ်းကို ဆိုင်းငံ့ရန် တောင်းဆိုခြင်းဖြစ်ကြောင်း မြစ်ချောင်းကွန်ရက်များက ဆိုသည်။
ထို့အပြင် ပဋိပက္ခဇုံအတွင်း ရေကာတာစီမံကိန်းရှေ့တိုးလုပ်ဆောင်ခြင်းသည် ပဋိပက္ခ၏အမြစ်ကို ပြန်ထစေခြင်း ဖြစ်ပြီး NLD( အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရ၏ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်း ကြောင်း ကို ပျက်ပြားစေသည်ဟုလည်း မြစ်ချောင်းကွန်ရက်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကချင်ပြည်နယ်၊ မြစ်ဆုံဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဂျာဂွန်က“ မြစ်ဆုံ မကဘူး။ မေခ၊ မလိခအပေါ်မှာလုပ်တဲ့ ရေကာတာအားလုံးပါ ကျမတို့ ဒေသခံတွေက ကန့်ကွက်ပါတယ်။ ကျမတို့ရဲ့ ဒေသကို နဂိုမူလအတိုင်းပဲ လှပစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ရက်နှင့် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်ကို မြန်မာနိုင်ငံရှိ မြစ်ချောင်းအင်းအိုင်များကို ကာကွယ်ရန်နှင့် ဒေသခံပြည်သူတို့၏ ဖွံဖြိုးရေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ မွန်၊ ရှမ်း(သျှမ်း)၊ ကူကီး၊ ပအိုဝ်း၊ ရခိုင်၊ လားဟူနှင့် အာခါ စသည့် လူငယ်နှင့်တိုင်းရင်းသား လူမှုအရပ်ဖက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းခဲ့သည်။



















