ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
နိုင်ငံရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားအားလုံးပါဝင်နိုင်ရန် ကြိုးစားနေကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဘက်အတွင်းရေးမှူး-၂ ဖြစ်သူ ပဒိုမန်းမန်းမန်းက ဖားအံမြို့၊ သီရိဖားအံဟိုတယ်၌ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျင်းပသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ကရင်)၏ ဒုတိယနေ့ သတင်း စာရှင်းလင်းပွဲတွင် ပြောသည်။
“ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု သွားဖို့က လူမျိုးတစ်မျိုးထဲတော့ မဖြစ်နိုင်ဘူးပေါ့။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့အ ခါမှာ နိုင်ငံရေးဆွေးနွေးရေးမှာ အားလုံးပါလာဖို့က ကျနော်တို့လည်း ကြိုးစားနေပါတယ်”ဟု ပဒို မန်းမန်းမန်းက ပြောဆိုခဲ့ သည်။
အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် -NCA ကို လက်မှတ်ထိုးနိုင်ခြင်းမရှိသေးသည့် အ ဖွဲ့များအနေဖြင့် အကန့်အသတ်ရှိနေဆဲဖြစ်သော်လည်း ယခုအချိန်တွင် ပါဝင်လက်မှတ်ထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့မှ ကြိုးစားပေးလျှက်ရှိသည်ဟု ပဒိုမန်းမန်းမန်းက ဆက်ပြောသည်။
၎င်းက “အခု အားလုံး မပါလာနိုင်သေးတဲ့အတွက်ကြောင့် ကျနော်တို့ရှေ့သွားဖို့က အခက်ခဲကျန်ရှိနေသေးပါတယ်။ အား လုံးလက်မှတ်ထိုးလာနိုင်ဖို့က အထူးသဖြင့် တပ်မတော်ဘက်က သဘောထားကြီးပြီးတော့ ပါဝင်ခွင့်ရရှိလာဖို့ကို ကျနော်တို့ က မျှော်လင့်တယ်။ NLD အစိုးရသစ်လက်ထဲမှာ ပိုမိုပြီး အခွင့်အလမ်း အရင်ထက် ရရှိလာပြီး အားလုံး လက်မှတ်ရေးထိုး လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်”ဟု ပြောသည်။
၎င်းအပြင် ဆွေးနွေးပွဲ၏ ဒုတိယနေ့တွင် မြန်မာနိုင်ငံကို ဖက်ဒရယ်ပြည် ထောင်စုနိုင်ငံအဖြစ် ထူထောင်ရေးအတွက် ပြင်ဆင်ရေးဆွဲပြဌာန်းသွားမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အချုပ်အခြာအာဏာ၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့်၊ ဖက်ဒရယ် ပြည်ထောင်စုမူ၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှု၊ ဘာသာရေးကို အခြေမခံသောနိုင်ငံ နှင့် ပါတီစုံ ဒီမိုကရေစီစသည့် လမ်းညွှန်အခြေခံမူ ၈ ချက်ကို စုပေါင်းချမှတ်ခဲ့ကြောင်း အရပ်ဖက်ကိုယ် စားလှယ်တစ်ဦးဖြစ်သူ နန့်ခင်အေးဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
သုံးရက်ကြာ ပြုလုပ်ကျင်းပသည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပထမနေ့ အဖွင့်မိန့်ခွန်းတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အစိုးရအနေဖြင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအတွက် ပိုမိုလမ်းဖွင့်ပေးထားရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်။
ကရင်အမျိုးသား ကိုယ်စားလှယ် စုစုပေါင်း ၅၂၅ ဦးတက်ရောက်ဆွေးနွေးသည့် ဒုတိယနေ့ ဆွေးနွေးပွဲ၌ နိုင်ငံရေးဆွေးနွေး ပွဲတွင် ချပြဆွေးနွေးမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသယံဇာတစသည့် ကဏ္ဍကြီး ၄ ရပ်ကို အုပ်စုဖွဲ့ ဆွေးနွေးပြီးနောက် ၎င်းကဏ္ဍအလိုက် ဆွေးနွေးရရှိချက်များကို ပြန်လည် စုစည်းကြခဲ့ကြသည်။



















