“စီမံကိန်းမရှိခင် တိုက်ပွဲကာလတုန်းကဆိုရင် အခြေအနေက တအားဆိုးရွားတယ်။ သူတို့ရဲ့ပြဿ နာတွေကို
ပြောဆိုတင်ပြရမှာ ဖြေရှင်းရမှာကို မလုပ်ရဲကြဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် စီမံကိန်းကာလရောက်သည့်တိုင်
တချို့လူတွေက တိုက်ပွဲကာလရှည်ကြာတဲ့ အခြေအနေမှာနေခဲ့ရတာကြောင့် ကြောက်ရွံ့ပြီးတော့ မပြောရဲ၊ မတင်ပြရဲကြဘူး။”
မေး- စီမံကိန်းဖြစ်ပေါ်လာရတဲ့ နောက်ခံအကြောင်းအရာနဲ့ ရည်ရွယ်ချက်ကိုပြောပေးပါ။
ဒီ Project နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး-KNU နဲ့ မြန်မာအစိုးရတို့ ငြိမ်းချမ်းရေး စတင် ဖော်ဆောင်တဲ့ ၂၀၁၂ခုနှစ်ကစပြီး တစ်ပြိုင်နက်ထဲမှာ ငြိမ်းချမ်းရေးအထောက်အကူပြု စီမံကိန်းတစ်ခုကို ချမှတ်လိုက်တယ်။ အဲ့ဒီမှာ မြန်မာအစိုး ရနဲ့ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myanmar Peace Support တို့ ပြောဆိုဆွေးနွေးမှုက ရှိထားတယ်။ အဲ့စီမံကိန်းကို ဒီကျောက်ကြီးမှာ လာချမှတ်တယ်။ ဒီစီမံကိန်းရဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုပိုင်းအတွက် CIDKP ကို ရွေးချယ်တယ်။ ကျနော့်အနေနဲ့လည်း CIDKP မှာလုပ်နေတဲ့အတွက် ၂၀၁၂ခုနှစ် ဇွန်လကစပြီးတော့ ဒီကျောက်ကြီးမှာလာပြီး တာဝန်ယူရတယ်။ ခေါင်းဆောင်တွေရဲ့ စီမံကိန်းအပေါ်ရည်ရွယ်ချက်က ငြိမ်းချမ်းရေးအပေါ်ကို အထောက်အကူပြုဖို့မှာ ဒီအပစ်အခတ်ရပ်စဲရေး ကာလအတွင်း ပူးပေါင်းလုပ်ဆောင်မှုတွေမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပြည်သူလူထုတွေ ပါဝင်နိုင်ဖို့က စီမံကိန်းရဲ့ ရည်ရွယ် ချက်ကြီးတစ်ခု ဖြစ်တယ်။ ဒီ့အပြင် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ပြည်သူလူထုတွေရဲ့ အခက်အခဲကို ကူညီထောက်ပံ့ပေးဖို့အ တွက်လည်း ဖြစ်တယ်။
မေး- စီမံကိန်းအပေါ် ဘယ်လို လှုပ်ရှားဆောင်ရွက်သလဲ၊ ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်နိုင်ခဲ့ပြီလဲ။
ကျနော်တို့ စီမံကိန်းကို ၂၀၁၂ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့မှာစပြီး ၂၀၁၂ ဒီဇင်ဘာလ ၂၂ရက်နေ့အထိ ဆောင်ရွက်တယ်။ စီမံကိန်းကာလက ၆လရှိတယ်။ ကျနော်တို့လုပ်တဲ့နေရာက ဟဲဒဲကျေးရွာအုပ်စု ဒီကေအဲန်ယူရဲ့ထိန်းချုပ်နယ်မြေထဲမှာရှိပြီးတော့ ကျေးရွာ ၁၂ရွာရှိတယ်။ ကျနော်တို့ အဓိကလုပ်ဆောင်တာက အပစ်ရပ်စဲကာလဖြစ်တဲ့အတွက် အခက်အခဲများစွာရှိတာကြောင့် ဒေသခံပြည်သူလူထုတွေကို အစားအသောက်တွေ ကူညီထောက်ပံ့တယ်။ အစားအသောက်မှာ ဆန်၊ ဆီ၊ ငါးပိတို့ပေါ့။ ကျနော် တို့ ထောက်ပံ့တာက သူတို့ လောလောဆယ်စားသောက်နိုင်ဖို့နဲ့ အဝတ်အစား၊ ခြင်ထောင်၊ စောင်နဲ့ ဖျာ၊ အိုးခွက်ပန်ကန်တွေ အဓိက က အိမ်သုံးပစ္စည်းတွေပေါ့။
အခြားတစ်ခုက စီမံကိန်းကာလအတွင်းမှာ တွေ့ဆုံပွဲလုပ်တယ်။ အဲ့ဒီမှာ အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံခြား အဖွဲ့အစည်းက လူတွေလည်းလာကြတယ်။ ကေအဲန်ယူထိပ်ပိုင်းခေါင်းဆောင်တွေလည်း လာတယ်။ အဲ့တွေ့ဆုံပွဲကနေ ပြည်သူ လူထုရဲ့အသံကို ပြောဆိုဖို့ အခွင့်အရေးရအောင် သူတို့ရဲ့ဒေသမှာ လုပ်ကိုင်စားသောက်နေရမှု၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို တင်ပြကြတယ်။ အဲ့လိုတင်ပြခြင်းအားဖြင့် တက်ရောက်လာတဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒေသတွင်းက ဖြစ်ပေါ်နေတဲ့ ပြဿနာ တွေကို ဆိုင်ရာကဏ္ဍကနေ တစ်ချိန်တစ်ခါထဲမှာ တစ်ချို့ပြဿ နာတွေကို ဖြေရှင်းနိုင်ကြတယ်။ ဘာဖြစ်လဲဆိုတော့ တက်လာတဲ့ ခေါင်းဆောင်တိုင်းက ဆုံးဖြတ်ချက်ပေးနိုင်တဲ့သူတွေ များတယ်ဆိုတော့ ဒီ ၆လအတွင်း ပြန်ကြည့်မယ်ဆိုရင် ပြဿ နာရပ်အား လုံးကို မဖြေရှင်းနိုင်သည့်တိုင် ဖြေရှင်းရမဲ့ပြဿ နာက နည်းပါးလာပြီး သက်သာလာတယ်။
မေး- ဒီ ၂၀၁၂ခုနှစ်ကနေ စတင်လုပ်ဆောင်တဲ့ စီမံကိန်းတွေက ဘာတွေဖြစ်မလဲ။ တစ်ခုချင်းစီပြောပြပေးပါလား။ ဘယ်လောက် ကြာမြင့်လဲပေါ့။
စီမံကိန်းပထမတစ်ခုပြီးသွားတော့ နောက်စီမံကိန်းတစ်ခုကို ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁ရက်နေ့ကနေ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စီမံကိန်း နှစ်ခုမြောက်ပေါ့။ အဲ့ဒါက ပြည်သူလူထုရဲ့ နေထိုင်စားသောက် ဖွံ့ဖြိုးရေးဖြစ်တယ်။ အဲ့ဒါနဲ့အ တူ လိုအပ်တဲ့ ရေ၊ ကျန်းမာရေး၊ သန့်ရှင်းရေးနဲ့ ဖွံ့ဖြိုးရေးတစ်စိတ်တစ်ပိုင်း ပါလာတယ်။ နောက်စီမံကိန်းတစ်ခုကလည်း ဒုတိယ မြောက် စီမံကိန်းတစ်ခုလိုပါပဲ။ စီမံကိန်းက နေရာတစ်ခုထဲမှာ မဟုတ်ဘူး။ စီမံကိန်းအတွက် ကျေးရွာတွေကို ပိုပြီးတော့ ရွေးချယ် သတ်မှတ်ပြီးတော့ နေရာအသစ်ကို တိုးချဲ့သွားတာပါ။ လိုအပ်တဲ့ ရေ၊ သန့်ရှင်းရေး၊ ကျန်းမာရေးစတဲ့ အခြေခံလိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးတယ်။ နောက်ပြီး ဒေသခံတွေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ လိုအပ်တာတွေကို တင်ပြပြီး ဖြေ ရှင်းကြတာပေါ့။ နောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ သင်တန်းတွေကိုပါ ပေးတယ်။ ကျနော်တို့ သင်တန်းတွေပေး လိုက်တော့ ကျနော်တို့မြင်တွေ့ရတာက ပိုကောင်းလာတယ်။ ဘာဖြစ်လဲဆိုတော့ အရင် သင်တန်းမပေးခင်က ပြဿနာတစ်ခု ဖြစ်လာပြီးဆိုရင် မဖြေရှင်းဘဲနဲ့ သူ့ဘက်ကိုယ့်ဘက် အပြစ်ဖို့ကြတယ်။ နောက်ပိုင်း သူတို့သင်တန်းရသွားတော့ ပြဿနာတစ်ခု ကို ဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းရမလဲ။ ဘယ်လိုပုံစံနဲ့ ဖြေရှင်းရမလဲဆိုတာကို သိသွားကြတော့ ပိုကောင်းလာတာပေါ့။
မေး – စီမံကိန်းမတိုင်ခင် ဒေသတွင်းအခြေအနေက ဘယ်လိုရှိနေလဲ။ စီမံကိန်းဖြစ်ပေါ်လာတော့ လက်ရှိအခြေအနေက ဘယ်လို ရှိနေလဲ။
ဒီစီမံကိန်းဖြစ်ပေါ်ပြီးတဲ့နောက် ရလာတဲ့ အကျိုးကျေးဇူးဆိုတဲ့နေရာမှာ ကျနော်ပြောခဲ့သလိုပဲ ကျနော်တို့သင်တန်းတွေ၊ ပညာပေးတွေ လိုက်လုပ်ပေးတယ်။ အဲ့လိုပေးတဲ့နေရာမှာ Peace Building တစ်ခုထဲမဟုတ်ဘူး။ သူတို့ရဲ့ စားဝတ်နေရေးနဲ့ပတ် သက်တဲ့ capacity တွေလည်း ပါတယ်။ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် အရင်က စီမံကိန်းမရှိခင် တိုက်ပွဲကာလတုန်းကဆိုရင် အခြေအနေက တအားဆိုးရွားတယ်။ သူတို့ရဲ့ပြဿ နာတွေကို ပြောဆိုတင်ပြရမှာ ဖြေရှင်းရမှာကို မလုပ်ရဲကြဘူး။ ပွင့်ပွင့်လင်း လင်းပြောရရင် စီမံကိန်းကာလရောက်သည့်တိုင် တချို့လူတွေက တိုက်ပွဲကာလရှည်ကြာတဲ့ အခြေအနေမှာနေခဲ့ရတာကြောင့် ကြောက်ရွံ့ပြီးတော့ မပြောရဲ၊ မတင်ပြရဲကြဘူး။ အဲ့လိုမပြောရဲတာကြောင့်လည်း အခက်အခဲတွေက မနည်းသွားဘူး။ ပြောရမယ် ဆိုရင် လုပ်ပြီးခဲ့သမျှတွေကြောင့် အခက်အခဲပြဿ နာတွေ နည်းလာတယ်။ ရှေ့ဆက် ဖြစ်ပေါ်လာမဲ့ပြဿ နာတွေလည်း အရင် တုန်းကလို ပိုများလာမဲ့အခြေအနေမှာ မရှိတော့ဘူး။
မေး – ဒီစီမံကိန်းအကောင်အထည်ဖော် လုပ်ဆောင်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။
ဒီစီမံကိန်းက အစိုးရနဲ့ ကေအဲန်ယူတို့ရဲ့ အစီအစဉ်ဖြစ်တဲ့အတွက် ဒီစီမံကိန်းအတွက် နို်င်ငံတော်သမ္မတရဲ့ ခွင့်ပြုချက် ကို ရယူပြီးမှ စတင်တာဖြစ်တယ်။ ကျနော်တို့လုပ်တဲ့အခါမှာ အထက်က ခွင့်ပြုချက်ရနေပြီး။ ဒါပေမဲ့ အောက်ခြေမှာလုပ်ရတာက အခက်အခဲများစွာရှိတယ်။ အခက်အခဲဆိုတဲ့နေရာမှာ အောက်ခြေမှာဆိုရင် လူဟောင်းတွေဆိုရင် နားလည်တယ်။ ဒါပေမဲ့ အုပ် ချုပ်ရေးပိုင်းဘက်မှာ ပြောင်းလဲလာပြီးဆိုရင် ပြောဆိုဆွေးနွေးဖို့ အခက်အခဲရှိလာတယ်။ လုံးလုံးကြီး မရတာတော့ မဟုတ်ဘူး။ နားမလည်တဲ့ အခြေအနေမှာ ကျနော်တို့ကို လိုက်ပြီးမေးမြန်းတာ၊ ဒေသခံတွေကို လိုက်မေးမြန်းတာမျိုးရှိတယ်။ အဲ့ဒီအခါမှာ ကျနော်တို့က စာရွက်စာတမ်းနဲ့ ရှင်းပြပြောဆိုတဲ့အခါကျမှ သူတို့သဘောပေါက်သွားတယ်။ ဒါပေမဲ့ နောက်တစ်ဖွဲ့ ပြောင်းလဲသွား ပြန်ရင်လည်း အဲ့လိုပဲ အခက်အခဲရှိလာတယ်။ ဒါပေမဲ့ ရှင်းလင်းပြောဆိုလိုက်တော့လည်း အဆင်ပြေသွားတာပဲ။
မေး – ဒီစီမံကိန်းက ဘယ်လူထုကို အခြေပြုပေးတာလဲ။
ကျနော်တို့လုပ်တဲ့နေရာမှာ ပထမစီမံကိန်း၊ ဒုတိယစီမံကိန်း၊ တတိယစီမံကိန်းမှာ အစိုးရနဲ့ ကေအဲန်ယူက သတ်မှတ် ပေးတဲ့ နေရာဒေသတွေကို လုပ်ရတာပေါ့။ ဒီကျောက်ကြီးမြို့နယ်ထဲမှာ။ ကေအဲန်ယူထိန်းချုပ်နယ်မြေက တောင်ပေါ်ဒေသ လည်း လုပ်တယ်၊ အစိုးရထိန်းချုပ်ဒေသမှာလည်း လုပ်တယ်။ နေရာဒေသကို မခွဲခြားထားဘူး။ ကြည့်မယ်ဆိုရင် ကျောက်ကြီး မြို့နယ်တစ်မြို့နယ်လုံးမှာက တောင်ပေါ်၊ မြေပြန့်နှစ်ခုလုံးမှာ အခက်အခဲ ကိုယ်စီရှိနေကြတာလေ။ တပ်မဟာ ၃၊ ညောင်လေး ပင်ခရိုင်မှာဆိုရင် မြို့နယ်နှစ်ခုပဲ သတ်မှတ်ထားတယ်။ ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်ပဲ။ မုန်းဆိုလည်း ကျောက်ကြီးမြို့ နယ်ပဲ။ ကျောက်ကြီးဆိုလည်း ကျောက်ကြီးမြို့နယ်ပဲ။ ကေအဲန်ယူဘက်ကဆိုရင် မုန်း၊ ကျောက်ကြီး၊ ဆောထီး(ရွှေကျင်)မြို့နယ် ဆိုပြီး ရှိတယ်။ အစိုးရဘက်ကကျတော့ ကျောက်ကြီးနဲ့ ရွှေကျင်ပဲ။ ကျနော်တို့ ရွှေကျင်မှာတော့ မစတင်ရသေးဘူး။ ဒါပေမဲ့ တတိယစီမံကိန်းရဲ့ လှုပ်ရှားမှုထဲမှာဆိုရင် ကျောက်ကြီးမြို့နယ်လုပ်ပြီးတော့ ရွှေကျင်မြို့နယ်မှာလည်းလုပ်ဖို့ ရည်ရွယ်ချက်ရှိ ထားပြီးသားပါ။
မေး – စီမံကိန်းလုပ်တဲ့နေရာမှာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုပုံစံရှိသလဲ။
စီမံကိန်းကာလမှာဆိုရင် ရိုးရိုးလှုပ်ရှားမှုတွေမှာ ကျနော်တို့ CIDKP က လုပ်ဖော်ကိုင်ဖက်တွေပဲ အတူတကွ လုပ်ကြ တယ်။ ကျနော်တို့ ဝန်ထမ်း ၁၅ယောက်လောက်နဲ့လုပ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ ပူးပေါင်းလုပ်ဆောင်မှုအနေနဲ့က ကျနော်တို့ ဒေသမှာက CSO,CBO တွေရှိတယ်။ အဲ့ဒီအဖွဲ့တွေက ဥပမာ ကျနော်တို့ တိုင်ပင်ဆွေးနွေးတဲ့နေရာတွေမှာ စုရုံးစည်းရုံးတဲ့နေရာ တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာရင်တော့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ တကယ်လို့ ကေအဲန်ယူနဲ့ အစိုးရနဲ့ဆိုရင် ဒေသတွင်းမှာက ပူးပေါင်းမှုက ရှိပြီးသားပါ။ ဒီကျောက်ကြီးမြို့နယ်ထဲမှာဆိုရင် အစိုးရစစ်တပ်နဲ့ရော ကေအဲန်ယူ စစ်တပ်တွေနဲ့ ကော ပူးပေါင်းလုပ်ဆောင်မှုရှိတယ်။ ကျနော်တို့ရဲ့ အစည်းအဝေးပွဲတွေ၊ တွေ့ဆုံပွဲတွေမှာ လိုအပ်ရင်ခေါ်ပြီး ကျနော်တို့ရဲ့ လှုပ် ရှားမှုအကြောင်းတွေ သိစေဖို့နဲ့ လိုအပ်ရင် ကျနော်တို့ ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာမျိုးကို အသိပေးတာမျိုး၊ ကြိုတင်အသိ ပေးတာမျိုးတွေ ရှိတာပေါ့။
မေး – စီမံကိန်းက ကျေးရွာပေါင်းဘယ်လောက်ကို ကူညီဆောင်ရွက်ပေးနေတာလဲ။
ကျနော်တို့ရဲ့အခု တတိယစီမံကိန်းမှာတော့ ကျေးရွာ ၃၆ရွာရှိတယ်။ တောင်ပေါ်ဒေသဘက်ခြမ်းမှာက ကျေးရွာအုပ်စု နှစ်စု၊ ဟဲဒဲကျေးရွာအုပ်စုက ရွာ ၁၂ရွာရှိတယ်။ ကွီးလားကျေးရွာအုပ်စုက ရွာ ၉ရွာရှိတယ်။ ပဲထီကျေးရွာအုပ်စုက ကျေးရွာ ရန်မျိုးအောင်နဲ့ အောင်စိုးမိုး၂ရွာရှိတယ်။ ပြန်လည်တည်ဆောက်ထားတဲ့ ရွာ ၅ရွာနဲ့ ကျေးရွာအဟောင်းက ပြန်တည်ဆောက် ထားတဲ့ ကျေးရွာ ၃ရွာ။ အဲ့ သုံးရွာက ကျောက်တား၊ နိုရှယ်၊ မိချောင်းခေါင်းတွေ ဖြစ်တယ်။ နောက်ထပ် ကျေးရွာအသစ်ဖြစ်တဲ့ လော်မုသောနဲ့ လောမုပယ်ရွာလည်း ပါတယ်။
မေး – ဒီစီမံကိန်းအတွက် ဘယ်သူတွေက ကူညီထောက်ပံ့မှု ပြုပေးတာလဲ။
ပထမစီမံကိန်းအတွက် ကျနော်တို့ကို ထောက်ပံ့တာက နော်ဝေနိုင်ငံအစိုးရက ထောက်ပံ့တာ။ Norwegian People’s Aid ဖြစ်တယ်။ ဒုတိယစီမံကိန်းအတွက်က နော်ဝေနဲ့ ဩစတြေးလျားက ဖြစ်တယ်။ တတိယစီမံကိန်းအတွက်လည်း နော်ဝေ အစိုးရပါပဲ။
မေး – နောက်ဆုံးအနေနဲ့ ရှေ့ဆက် လုပ်ဆောင်မဲ့အစီအစဉ်တွေက ဘာတွေဖြစ်မလဲ ပြောပေးပါလား။
ရှေ့ဆက် လုပ်ဆောင်သွားမဲ့ ရည်ရွယ်ချက်တွေက ရှိပါတယ်။ အခု ကျနော်တို့လုပ်နေတဲ့နေရာမှာ ကေအဲန်ယူဘက်က မြို့နယ်နှစ်ခု သတ်မှတ်ထားတယ်။ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ် ဖြစ်တယ်။ အစိုးရဘက်ကတော့ မြို့နယ်တစ်ခုပဲ။ ရွှေကျင်မြို့နယ်ဘက်မှာတော့ မလုပ်ရသေးဘူး။ ဒါပေမဲ့ ရွှေကျင်မြို့နယ်ဘက်ကိုဝင်ပြီး ကျနော်တို့ရဲ့ စီမံကိန်းဧရိယာကို တိုးချဲ့ သွားဖို့ ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် အခု အပစ်ရပ်လက်မှတ်ထိုးထားတဲ့ NCA စာချုပ်ပါ အချက်တွေကို အခြေခံပြီး နောက်ထပ်စီမံကိန်းကို ဆက်လုပ်သွားဖို့တော့ စဉ်းစား လျာထားပါတယ်။
CIDKP – Committee for Internally Displaced Karen People
CIDKP ၏ ငြိမ်းချမ်းရေး အထောက်အကူပြု စီမံကိန်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ စီမံကိန်းတာဝန်ခံ စောဘယ်ထူးကို ကရင် သတင်းဌာန-ကေအိုင်စီက ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ရှိ ၎င်းတို့၏ရုံး၌ ဒီဇင်ဘာလ ၈ရက်နေ့၊ ၂၀၁၆ခုနှစ်တွင် သွား ရောက်တွေ့ဆုံမေးမြန်းခဲ့သည်။