အောက်တိုဘာ ၇ ရက်၊ ၂၀၁၆ ခုနှစ်။ စောထွန်းလင်း
လှိုင်သာယာ-ဒေးဒရဲကားလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်ကိုင်ခွင့် ပြုထားသည့် ဇေကမ္ဘာကုမ္ပဏီမှ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဖောက်လုပ်ပြုပြင်ရန် အောက်တိုဘာ ၆ ရက်နေ့၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းဆွေးနွေးခဲ့သည်ဟု ကွမ်းခြံကုန်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းအောင်ကိုမင်းက ကေအိုင်စီသို့ ပြောသည်။
လမ်းဖောက်လုပ်ပြုပြင်ရန်အတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဇေကမ္ဘာကုမ္ပဏီကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်နေ့တွင် စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး သုံးနှစ်အတွင်း အပြီးဖောက်လုပ်ရမည်ဖြစ် သော်လည်း ယခုအချိန်ထိ ဖောက်လုပ်နိုင်ခြင်းမရှိသဖြင့် မည်သည့် အချိန်တွင် လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်မည်နှင့် မဆောက်ရွက်နိုင်ပါက မည်သို့ အရေးယူလုပ်ကိုင်သွားမည်ကို သိလိုခြင်းကြောင့် မေးခွန်းမေးမြန်းခဲ့ရခြင်းဖြစ်သည်ဟု မန်းအောင်ကိုမင်းက ပြောသည်။
“စာချုပ် ချုပ်ထားတာ သုံးနှစ်ပြည့်ပါတော့မယ်။ မကောက်တော် ကျေးရွာအနီးမှာရှိတဲ့ တံတားဆိုရင် အုန်းတုံးနဲ့ ထောက်ထားတာကို တွေ့ရတယ်။ ဒီလမ်းပိုင်းမှာ ရှိတဲ့ အခြေအနေများစွာထဲက တစ်ခုချင်းရဲ့ အစိတ်အပိုင်း အနည်းငယ်ကို သာတင်ပြခြင်းဖြစ်ပါတယ်။ စာချုပ်မှာ ကားအစီးရေ နှစ်ထောင်ကျော်ရင် ၄၈ ပေထိ လမ်းတိုး ချဲ့ရပါမယ်။ ကားအစီးရေ ငါးရာ ကျော်တဲ့ လမ်းပိုင်းမှာဆိုရင် ၂၄ ပေထိ လမ်းကိုချဲ့ရမယ်လို့ ပါတယ်။ ဒီအချက် တွေအရ ဆောင်ရွက်ဖို ့အများကြီး လိုသေးတာ တွေ့ရတယ်”ဟု ၎င်းက ပြောသည်။
လမ်းဖောက်လုပ်ပြုပြင်ခွင့်ရ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် သုံးနှစ်အတွင်း လမ်းအဆင့်မှီပြုပြင်ခြင်း၊ မြို့ရှောင်လမ်း၊ စီမံကိန်းလုပ်ငန်းလမ်းမကြီးနှင့် ဆက်သွယ်သည့် လမ်းများ ဖောက်လုပ်ခြင်း စသည့်တို့ကို အပြီး လုပ်ကိုင်ရမည် ဖြစ်သလို သုံးနှစ်အတွင်း လမ်းအသုံးပြုခ ကောက်ခံရန် တဦးတည်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နိုင်ပြီး နိုင်ငံတော်သို့ အခွန်ပေးသွင်းခြင်း ကင်းလွတ်ခွင့်ရရှိမည်ဟု အစိုးရနှင့် ချုပ်ဆိုထားသည့် လုပ်ငန်းစာချုပ်တွင် ဖော်ပြထားသည်။

ထို့အပြင် စာချုပ်ပါ သက်တမ်းကာလအတွင်း လမ်းတံတားများ အဆင့်မြှင့်တင် တည်ဆောက်ခြင်းနှင့် လမ်းအသုံးပြုခ ကောက်ခံခြင်းတို့ကို လမ်းမကြီးများ ဥပဒေနှင့်အညီ လိုက်နာခြင်းမရှိက လုပ်ငန်းလုပ်ကိုင်ခွင့် ပြန်သိမ်းယူခံရမည်ဟု စာချုပ်တွင် ဖော်ပြပါရှိသည်။
ဇေကမ္ဘာကုမ္ပဏီသည် စာချုပ်ပါ သတ်မှတ် စံချိန်စံညွှန်းများနှင့် လုပ်ကိုင်နိုင်ခြင်းမရှိပါက စာချုပ်တွင် ပါရှိသည့် အတိုင်း အရေးယူလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၆ရက်၊ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ မေးခွန်းဖြေကြားရာတွင် ပြောဆိုထားသည်။
အဆိုပါ လမ်းသည် လှိုင်သာယာ-ဒေးဒရဲအထိအရှည် ၅၉ မိုင် ၆ ဖာလုံရှိပြီး လှိုင်သာယာ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့များအပြင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လက် မြို့နယ်များသို့ ဆက်သွယ်ထားကာ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားရေးအတွက် အဓိကအသုံးပြုနေသည့် လမ်းဖြစ်ကြောင်း သိရသည်။



















