ဩဂုတ် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ခုမှ ကိုယ်စားလှယ်များ ပါဝင်သည့် တပ်ပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ဩဂုတ်လ ၁၆ရက်မှ ၁၇ရက်နေ့အထိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ သေဘေထာ့နေရာတွင် ပြု လုပ်ခဲ့ရာ တပ်ပိုင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းချက်များကိုသာ ဆွေးနွေးခဲ့ကြသည်။
KNLA စစ်ဦးစီး ပထမတန်း (G-1) ဗိုလ်မှူးကြီးစောတာမလာသောက “အလုပ်ရုံဆွေးနွေးမှုမှာတော့ အခုက အပစ်ခတ်ရပ်စဲရေး ကာလဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ဘယ်လိုနေထိုင်ရမလဲ။ ဘယ်လိုရပ်တည်ရမလဲ စတဲ့ တပ်ပိုင်းဆိုင်ရာ စည်း မျဉ်းစည်းကမ်းတွေပဲ အဓိက ဆွေးနွေးဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်-NCA ကို ပြီးခဲ့သည့် ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် လက်မှတ်ထိုးခဲ့ပြီးဖြစ်သော်လည်း စာချုပ်ပါ လုပ်ဆောင်ရမည့် တပ်နေရာ ပြန် လည်ချထားရေးကိစ္စများနှင့်ပတ်သက်ပြီး ယနေ့အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယင်းကိစ္စများအပေါ် ဗိုလ်မှူးကြီးစောတာမလာသောက “တပ်နေရာချထားရေးကို ခုထိတော့ မလုပ်နိုင်သေးဘူးပေါ့။ ဒါတွေကို လာမယ့် ဆွေးနွေးပွဲတွေမှာ ထည့်သွင်းပြီး ဆက်လက်ဆွေးနွေးသွားရမှာ ဖြစ်ပါတယ်။ ဘယ်တော့ အကောင်အထည်ဖော်ဖြစ်မ လဲ ဆိုတာကတော့ ဆွေးနွေးမှုရလဒ်အပေါ်မှာပဲ မူတည်မှာဖြစ်ပါတယ်”ဟု ပြောသည်။
နှစ်ရက်တာပြုလုပ်သည့် ၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ အပါအဝင် တပ်မဟာ ၇ခုမှ တပ်ပိုင်းဆိုင်ရာရှိ စုစုပေါင်း ၃ဝနီးပါး တက်ရောက်ခဲ့ကြပြီး NCA စာချုပ်ပါ သဘောတူညီအရ တပ်နေရာချထားရေးကိစ္စများကို ထည့်သွင်းဆွေးနွေးခြင်း မရှိသလို ရှေ့ဆက်လုပ်ငန်းများအတွက် ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ခြင်းလည်းမရှိကြောင်း သိရ သည်။