Home သတင်း မြဝတီ ဂက်စ်ကားတားဆီးခဲ့ရမှုကိစ္စ ‌ပြေလည်မှုရပြီ

မြဝတီ ဂက်စ်ကားတားဆီးခဲ့ရမှုကိစ္စ ‌ပြေလည်မှုရပြီ

1678

ဇွန် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

မြဝတီမြို့ တွင် မကြာ‌သေးမီက ဖြစ်ပွားခဲ့သည့် မင်းပြည့်စုံကုမ္ပဏီ၏ ဂက်စ်ကားများ တားဆီးခံရမှုနှင့် ဖြစ်‌ပေါ်လာသည့် ‌နောက်ဆက်တွဲကိစ္စရပ်များကို ဇွန်လ ၂ဝရက်‌နေ့က မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓာတ်‌ငွေ့ ရည် (LPG)လုပ်ငန်းရှင်များ အသင်းဝင် အချင်းချင်း ညှိနှိုင်းမှု‌ပြေလည်သွားပြီဖြစ်‌ကြောင်း သိရသည်။

မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ အ‌ကောက်ခွန်ဦးစီးဋ္ဌာနတာဝန်ရှိသူများ၊ ‌ရေနံဓာတ်‌ငွေ့ရည် (LPG)လုပ်ငန်းရှင် များ အသင်းတာဝန်ရှိသူများ၊ အသင်းဝင် ကုမ္ပဏီ ၆ခုမှတာဝန်ရှိသူများပါဝင်သည့် ညှိနှိုင်းမှုများအပြီး အသင်း၏ စည်းကမ်းများနှင့်အညီ လုပ်‌ဆောင်သွားရန် သ‌ဘောတူညီမှုရခဲ့သဖြင့် ‌ပြေလည်မှုရခဲ့ခြင်း ဖြစ်သည်ဟု LPG အသင်း ဥက္ကဋ္ဌဖြစ်သူ ဦး‌ကျော်မျိုးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အသင်းအ‌နေနဲ့ ဂက်စ်တင်သွင်းမှုနဲ့ပတ်သက်လို့ ပြည်သူလူထု ဝယ်လိုအားမရှိဘဲနဲ့ မလိုအပ်ပဲနဲ့ အန္တရာယ်ရှိတဲ့ပစ္စည်း‌တွေကို လူထုကြားထဲမဝင်‌စေချင်ဘူး။ ဒါ‌ကြောင့် အဲဒီ စနစ်ကို ထိန်းညှိ ‌နေရခြင်းဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အသင်းအဖွဲ့အ‌နေနဲ့ရပ်တည်‌ဆောင်ရွက်ရမယ်လို့ လူကြီး‌တွေက အမိန့်ချလိုက်သလို တစ်ဖက်ကလည်း အသင်းစည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာ‌ဆောင်ရွက်ဖို့ သ‌ဘောတူလို့ ‌ပြေလည်သွားတာ ဖြစ်ပါတယ်” ဟု ‌ပြောသည်။

ညှိနှိုင်းမှုများအရ အသင်းဝင် ကုမ္ပဏီများအ‌နေဖြင့် ဂက်စ်တင်သွင်းရာတွင် ကုမ္ပဏီတစ်ခုမှ တစ်လလျှင် ကား ၃၂ စီးနှင့် တစ်ပတ်လျှင် ကား ၈စီးထက်မပိုသည့် တင်သွင်းမှုပြုလုပ်ရမည်ဟု အသင်းဝင်အားလုံးမှ သ‌ဘောတူညီမှုရရှိခဲ့ပြီး ယခင်က ၄၈ ကီလို ဂက်စ်အိုးတစ်လုံးလျှင် ဘတ်‌ငွေ ၁၁၅ဝ ‌ရောင်းချရာမှ ဘတ် ၁၁၁ဝ ‌ဈေးနှုန်း‌လျှော့ချလိုက်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်‌နေ့ နံနက်ပိုင်းက မြဝတီတွင် ထိုင်းနိုင်ငံမှတစ်ဆင့် တရားဝင်တင်သွင်းလာသည့် မင်းပြည့်စုံကုမ္ပဏီ် ဂက်စ်ကား ၄စီးကို အသင်း၏ စည်းကမ်းချက်များနှင့်မကိုက်ညီဟုဆိုကာ တားဆီးခံရ သည့်အတွက် လုပ်ငန်းရှင်များအချင်းချင်း မ‌ကျေလည်မှုဖြစ်ပွားခဲ့ရာမှ ဇွန်လ ၁၇ရက်‌နေ့မှစတင်ကာ ဂက်စ် တင်သွင်းမှု ‌ခေတ္တရပ်ဆိုင်းသည်အထိ ဖြစ်ခဲ့သည်။

အမည်မ‌ဖော်လိုသူ မြဝတီမြို့ခံတစ်ဦးက “အဲဒီဂက်စ် သွင်းတဲ့လူ‌တွေက အကုန်လုံးလိုလိုက လက်နက်ကိုင် ‌တွေနဲ့ ပတ်သက်‌နေတာချည်းပဲ။ မ‌တော်လို့ အချင်းချင်း ပြဿနာတက်လို့ ပစ်ကြခတ်ကြရင် မလွယ်ဘူး။ ကျမတို့က‌တော့ အဲဒီလိုဖြစ်မှာ စိုးရိမ်တယ်။ အခု‌ပြေလည်သွား‌တော့ စိတ်‌အေးရတယ်”ဟု ‌ပြောသည်။

ဂက်စ် တင်သွင်းဖြန့်ချိမှုကို တရားဝင် ခွင့်ပြုချက်ရရှိထားသည့် ကုမ္ပဏီ‌ပေါင်း ၆ခုဖြင့် မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓါတ်‌ငွေ့ရည်လုပ်ငန်းရှင်များအသင်းကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။