ဇွန် ၂၁ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်းပေါ်ရှိ ကိုမောင်ကျေးရွာအုပ်စု ငှက်ပျောတောကျေးရွာတွင် တည်ဆောက်မည့် ကျေးလက်ကျန်း မာရေးဌာနအဆောက်အဦးကို ကိုမောင်ရှမ်းစု (တပ်စခန်း)တွင် နေရာပြောင်းရွှေ့ တည်ဆောက်ရန် ရှိသည့်အတွက် ဒေသခံများ က ဇွန်လ ၂၄ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဟု သိရသည်။
၎င်းသတင်းစာရှင်းလင်းပွဲကို ကျေးရွာ တာဝန်ရှိသူများနှင့် ဒေသခံများစုပေါင်း၍ ငှက်ပျောတောကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ပြီး ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦး တည်ဆောက်မှုနှင့်ပတ်သက်၍ ယခင်လျာထားသည့် နေရာရှိနှင့်ပြီးဖြစ်သည့်အ တွက် ယင်းကိစ္စအပေါ် ရှင်းလင်းသွားမည်ဖြစ်သည်ဟု ငှက်ပျောတောကျေးရွာအုပ်ချုပ်ရေးမှူး စောသန်းဦးက အတည်ပြုပြောဆို သည်။
“ဒီကိစ္စမှာ သတင်းစာရှင်းလင်းပွဲတွေ လုပ်သွားမယ်။ မီဒီယာသမားတွေကိုလည်း ဖိတ်ဖို့ ရှိတယ်။ ကျနော်တို့ပြောမယ့် အကြောင်းအရာတွေ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။
ငှက်ပျောတောရွာ၌ တည်ဆောက်ရန်ရှိသည့် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦးကို ကိုမောင်ရှမ်းစု (တပ်စခန်း)တွင် ပြန်လည်တည်ဆောက်သင့်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဌ စောချစ်ခင်က ဒေသခံများကို မေလ ၂၁ရက်နေ့၌ ပြောဆိုထား ခဲ့သည်။
ကျေးလက်ကျန်းမာရေးအဆောက်အဦးတည်ဆောက်ရန် သတ်မှတ်နှင့်ပြီးသား မြေနေရာတွင် ပြည်နယ်အစိုးရချပေးသည့် ကျပ် ငွေ ၁၃၇သိန်းဖြင့် (၂)ခန်းတွဲ သန့်စင်ခန်းတစ်လုံးကို တည်ဆောက်ပြီးစီးပြီ ဖြစ်သလို မြေနေရာကို ကျပ်သိန်း ၆ဝ အကုန်ခံကာ ကော့လုံကျွန်းရှိ ကျေးရွာများမှ စုပေါင်းဝယ်ယူထားသဖြင့် ပြောင်းရွှေ့ရန် မဖြစ်နိုင်သည့်အတွက် မေလ ၃ဝရက်နေ့က ပြည်နယ် အစိုးရထံသို့ မေလ ၃ဝရက်နေ့က မေတ္တာရပ်ခံစာတစ်စောင် တင်ပြထားခဲ့ပြီး ဖြစ်သည်။
သံလွင်မြစ်လယ်တွင် တည်ရှိသည့် ကော့လုံကျွန်းသည် ၁၂မိုင်ခန့် ရှည်လျားပြီး ယင်းကျွန်းပေါ်တွင် ကိုမောင်အုပ်စုနှင့် မြလေး အုပ်စုတို့ တည်ရှိကာ ကျေးရွာပေါင်း ၁၀ကျော် အခြေစိုက်လျှက်ရှိသည်။



















