မေလ ၉ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU နယ်မြေအတွင်းရှိ ဘောကထာ့ ရေအားလျှပ်စစ် စီမံကိန်း၏ အကြိုစမ်းသပ်ကာလမတိုင်ခင် ၎င်းစီမံကိန်းဒေသသို့ နော်ဝေပညာရှင်များအဖွဲ့အား ပထမဆုံးအကြိမ်အဖြစ် သွား ရောက်လေ့လာရန် မေလ ၉ရက်နေ့က ကျောက်ကြီးမြို့နယ်ခန်းမ၌ ပြုလုပ်သော ဒေသခံများနှင့် စီမံကိန်းဖော်ဆောင်မည့် KNU တာဝန်ရှိသူများ၊ ပညာရှင်များ တွေ့ဆုံမှုတွင် သဘောတူလိုက်သည်ဟု သိရသည်။
မေလ ၅ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ပြုလုပ်သော ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် KNU စီးပွားရေးကော်မတီ တို့ တွေ့ဆုံမှုတွင် စီမံကိန်းဒေသသို့ မေလ ၉ရက်နေ့၌ ဒေသခံများနှင့်တွေ့ဆုံပြီး ခွင့်ပြုချက်ရယူပြီးပါက မေလ ၁ဝရက်နှင့် ၁၁ ရက်နေ့များတွင် လေ့လာမှုများ ပြုလုပ်သွားမည်ဟု သဘောတူညီထားချက်အရ လေ့လာမှုကို ယခုလို ခွင့်ပြုလိုက်ခြင်းဖြစ် ကြောင်း ကျောက်ကြီးဒေသဖွံ့ဖြိုးရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(KDW)တာဝန်ခံ နော်တဘီးသာက ကေအိုင်စီသို့ ပြောသည်။
သူမက “ဒေသခံတွေက သူတို့အနေနဲ့ ယုံကြည်မှုတည်ဆောက်ချင်တယ်။ သူတို့ကိုယ်တိုင်လည်း ဖြစ်စဉ်ထဲကို ဝင်ပြီးတော့ စီမံ ကိန်းတာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းပြီးတော့ အောက်ခြေကို လေ့လာတာတို့က အစပေါ့နော်။ သူတို့ကိုယ်တိုင်က ပါဝင်မယ်။ ဒီသွားနေတဲ့ဖြစ်စဉ်တစ်လျှောက်မှာပေါ့။ ပြီးတော့ ဆုံးဖြတ်ချက်ကြီး သူတို့(ဒေသခံ) လက်ထဲမှာ ရှိရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သူတို့အဲ့ဒါကို သွားလေ့လာမယ်ဆိုတဲ့ သဘောတူညီချက်ကိုယူထားတယ်။ ဒီလေ့လာမှုက ဒါ ပထမဦးဆုံးလည်းဖြစ်တယ်”ဟု ပြောသည်။
အဆိုပါ စီမံကိန်း၏ ဆုံးဖြတ်ချက်အဆင့်တိုင်းတွင် ပြည်သူများ၏လက်ထဲတွင်ရှိရမည်ဖြစ်ပြီး ဒေသခံလူထုဘက်မှ သဘောတူ ခြင်း မရှိဘဲ တစုံတရာ လုပ်ဆောင်ခွင့်မရှိစေရ ဆိုသည့် သဘောတူဆုံးဖြတ်ချက်ကို ၎င်းတွေ့ဆုံပွဲ၌ ဒေသခံဘက်က ရယူထား သည်ဟုလည်း နော်တဘီးသာက ဖြည့်စွက်ပြောဆိုသည်။
နော်ဝေနိုင်ငံမှ Norwegian Water Resource and Energy Directorate (NVE) နှင့် Norwegian Consultancy Company – Norconsult) ပညာရှင်များ၊ သူးလေကုမ္ပဏီတာဝန်ရှိသူများနှင့် ဒေသခံများပါဝင်မည့် အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် စီမံကိန်း ၏ အနီးပတ်ဝန်းကျင်ဒေသ၊ လူထု၏ နေရာဒေသနှင့် ဘူမိဗေဒ (မြေပေါ်မြေအောက်ကျောက်ဖွဲ့စည်းပုံ) အခြေအနေများကို နှစ် ရက်တာ သွားရောက်လေ့လာပြီးနောက် ရရှိလာသည့် လေ့လာချက် အစီရင်ခံစာအချက်အလက်များကို ဒေသခံများထံသို့ ပြန် လည်ချပြရမည်ဟု ယင်းအစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။
KNU စီးပွားရေးကော်မတီ ဥက္ကဌနှင့် သူးလေကုမ္ပဏီ၏ ဥက္ကဌလည်းဖြစ်သူ ပဒိုစောတာဒိုမူးက “ဒီဖြစ်နိုင်စွမ်း လေ့လာမှု မရောက်ခင်မှာတော့ အရင်ဆုံး Pre-Feasibility Studies (ဖြစ်မြောက်နိုင်စွမ်းအကြိုလေ့လာမှု) အဆင့်ထဲမှာပဲ Local Consultation (ဒေသတွင်း ညှိနှိုင်းတိုင်ပင်မှု)မှာတောင် ဒေသခံတွေနဲ့ တွေ့ရမယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့တွေ့ရမယ်။ စသဖြင့်အချင်းချင်းထဲမှာ ညှိနှိုင်းရမယ်။ ဒါတွေဟာ အခု ဒီလုပ်ငန်းကိုလုပ်နေတဲ့ အချိန်ပေါ့။ လောလောဆယ်တော့ အခုမှ အစ ပျိုးတဲ့အချိန်ပဲ ရှိပါတယ်”ဟု မေလ ၅ရက်နေ့က ကေအိုင်စီနှင့် သီးသန့်တွေ့ဆုံရာ၌ ပြောဆိုခဲ့သည်။
KNU အနေဖြင့် ၎င်းရေကာတာတည်ဆောက်မည့် ဆုံးဖြတ်ချက်တစုံတရာကို ချထားခြင်း လုံးဝ မရှိသေးကြောင်း၊ ဌာနေလူထု အပြင် စိတ်ပါဝင်စားလျှက်ရှိသော အဖွဲ့အစည်းများနှင့် လုံလောက်သော အမြင်ဖလှယ်မှုများ ပြုလုပ်ကာ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်မှုများကို နော်ဝေနိုင်ငံ အစိုးရ၏ ထောက်ပံ့မှုဖြင့် နိုင်ငံတကာမှ ပညာရှင်များနှင့် လုပ်ဆောင်ရန်ရှိ ကြောင်းလည်း မေလ ၆ရက်နေ့တွင် KNU က သတင်းထုတ်ပြန်ထားသည်။
ဘောကထာ့ရေအားလျှပ်စစ်စီမံကိန်းအတွက် အကြိုစမ်းသပ်မှုကို လုပ်ဆောင်ရန် KNU မှ သူးလေကုမ္ပဏီဥက္ကဋ္ဌ ပဒိုစောတာဒိုမူး နှင့် အစိုးရလျှပ်စစ်စွမ်းအားစီမံကိန်း ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအေးဆန်းတို့ ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ရက်နေ့၌ နေပြည် တော်တွင် စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယမန်နေ့က ပြုလုပ်သည့် ဘောကထာ့စီမံကိန်းဒေသရှိ ဒေသခံလူထုနှင့် တွေ့ဆုံပွဲသို့ နော်ဝေးပညာရှင်(NVE,NC)အဖွဲ့ဝင်(၅)ဦး၊ သူးလေကုမ္ပဏီဥက္ကဌ ပဒိုစောတာဒိုမူးနှင့် တာဝန်ရှိသူများ၊ ဒေသတွင်း လူမှုအဖွဲ့အစည်းများနှင့် ဒေသခံလူထု အပါအဝင် စုစု ပေါင်း (၁၈၀)ဦးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။