Home ဆောင်းပါး ကိုယ့်ကိုယ်ကို တန်ဖိုးထားတာ ဘယ်သူလဲ – ဘယ်အဖွဲ့အစည်းလဲ

ကိုယ့်ကိုယ်ကို တန်ဖိုးထားတာ ဘယ်သူလဲ – ဘယ်အဖွဲ့အစည်းလဲ

1998

(‌မောင်‌ကျော်စွာ)

(၂၀၁၆ခုနှစ်၊ ‌မေလ ၂၂ရက်)

“၂၁ရာစုပင်လုံညီလာခံ” အ‌ကြောင်းပဲ ‌ရေးရဦးမယ်။
အရင်တစ်ပတ်က ‌ဆောင်းပါးမှာ “တိကျပြီး ခိုင်မာတဲ့ ‌ခြေလှမ်း ၄လှမ်းနဲ့ စိန်‌ခေါ်မှုအချို့”ကို တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာ “၂၁ရာစု ပင်လုံညီလာခံ” မတိုင်မီ ကျင်းပကြရမယ့် ငြိမ်းချမ်း‌ရေးညီလာခံနဲ့ ပတ်သက်ပြီး တင်ပြချင်ပါတယ်။

ပထမဆုံး တင်ပြချင်တာက‌တော့ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ကြားချက်ဖြစ်ပါတယ်။
ဒါက ဘာလဲဆို‌တော့ “ငြိမ်းချမ်း‌ရေးအတွက် လုပ်တဲ့အခါမှာ တစ်‌ယောက်ချင်း၊ တစ်‌ယောက်ချင်းက‌နေ စပြီး‌တော့ ဘာ‌ပေးနိုင်သ လဲဆိုပြီး‌တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ်က အ‌ပေးသမားဆိုရင် ကိုယ့်ကိုယ်ကို တန်ဖိုးထား တတ်တယ်၊ ကိုယ်က အယူသမားဆိုရင် တန်ဖိုးမရှိတဲ့‌နေရာ ‌ရောက်သွားမယ်” ဆိုတဲ့စကား ဖြစ်ပါတယ်။

လိုရင်းသ‌ဘောက‌တော့ ပါဝင်ပတ်သက်သူ‌တွေကိုယ်စီက ဘာ‌ပေးကြမလဲဆိုတာပါပဲ။
ငြိမ်းညီလာခံနဲ့ပတ်သက်ပြီး တက်‌ရောက်ခွင့်ရနိုင်မယ့် အုပ်စု‌တွေကို အကြမ်းဖျင်း‌တော့ သုံးစု ခွဲနိုင်ပါလိမ့်မယ်။
– နိုင်ငံ‌တော်အစိုးရ
– စစ်တပ် (တပ်မ‌တော်)
– တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဆိုပြီးဖြစ်ပါတယ်။

ဒီအစု သုံးစုက ကိုယ်စီ ဘာ‌တွေ‌ပေးကြမလဲ။ နိုင်ငံ‌တော်အစိုးရက စံပြအ‌နေနဲ့ ဘာ‌တွေ‌ပေးမလဲ။ ယခင်အစိုးရက‌တော့ သူတို့ ‌ပေးနိုင်တဲ့ “ကားပါမစ်‌တွေ”‌ပေးပါတယ်။ ‌ပေးတဲ့သူက‌ပေးပြီး ယူတဲ့သူကယူကြတယ်ဆို‌တော့၊ အ‌ပေးအယူ မျှတယ်လို့ ‌ပြောရမ လား မသိပါဘူး။ ဒါ‌ပေမယ့် ငြိမ်းချမ်း‌ရေး‌တော့ ရမသွားပါဘူး။ ငြိမ်းချမ်း‌ရေးဟာ “‌ရောင်ခြည်သန်းတာလိုလို အလင်းတန်း‌တွေပဲ မြင်ရသလိုလို” ဗလာစကားလုံး‌တွေပဲ နားမဆန့်‌အောင် ကြားခဲ့ရတာပါပဲ။ အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်(NCA)မှာ ၈ဖွဲ့ လက်မှတ် ထိုးတယ်ဆိုတာနဲ့ တစ်ခန်းရပ်သွားခဲ့ပါတယ်။

အခုလည်း (NCA) လက်မှတ်ထိုးသူနဲ့ မထိုးသူ‌တွေအကြား တိုက်ပွဲပြန်ဖြစ်‌နေသလို (NCA)စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ကို စစ်တပ်က ထိုးစစ်ဆင်‌နေတာ‌တွေ၊ ရဟတ်ယာဉ် ‌လေယာဉ်သုံးပြီး ဗုံးကြဲ‌နေတာ‌တွေပဲ ဆက်တိုက်ဆိုသလို ကြား‌နေရပါ တယ်။

ဒီ‌တော့ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ‌ဆော်ဩချက် (ကိုယ့်ကိုယ်ကို တန်ဖိုးထားသူ ဘာ‌ပေးမလဲ)နဲ့အညီ နိုင်ငံ‌တော်အစိုးရ က စံပြအ‌နေနဲ့ ယခင်အစိုးရ‌ဟောင်းနဲ့ မတူဘဲ ဘာ‌ပေးမလဲ/ဘာ‌တွေ‌ပေးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

“တစ်ပြည်လုံး အတိုက်အခိုက်ရပ်စဲ‌ကြောင်း” ‌ကြေညာ‌ပေးမလား၊ ဒီလို‌ကြေညာတာကို စစ်တပ်(တပ်မ‌တော်)က လက်ခံ၊ လိုက် နာပါ့မလား။

တကယ်‌တော့ နိုင်ငံ‌တော်အစိုးရနဲ့ စစ်တပ်(တပ်မ‌တော်)ကို ခွဲ‌ပြော‌နေတာ သဘာဝမကျတဲ့ကိစ္စ၊ မူမမှန်တဲ့ကိစ္စ ဖြစ်ပါတယ်။ စစ် တပ်(တပ်မ‌တော်)ဆိုတာ နိုင်ငံ‌တော်အစိုးရရဲ့ စစ်တပ်ပဲဖြစ်ရမှာပါ။ နိုင်ငံ‌တော်အစိုးရ၊ နိုင်ငံ‌တော်သမ္မတကို နာခံတဲ့ စစ်တပ် (တပ်မ‌တော်) ဖြစ်ရမှာပါ။ ဖြတ်သန်းကြခဲ့တဲ့ “၁၉၆၂ ‌တော်လှန်‌ရေး‌ကောင်စီက‌နေ သမ္မတ ဦးသိန်းစိန်အစိုးရ”အထိကာလမှာ စစ်တပ်ဟာ နိုင်ငံ‌တော်အစိုးရကို ကာကွယ်ခဲ့တာပါ။ ထိုကာလအတွင်း ဖွဲ့ခဲ့သမျှ အစိုးရအဖွဲ့‌တွေမှာလည်း စစ်ဗိုလ်‌တွေသာ နိုင်ငံ ‌တော်သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုဝန်ကြီး ဖြစ်ခဲ့ကြတာပါ။ ပါတီမှာဆိုလည်း ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ စီအီးစီ၊ ဗဟို‌ကော်မတီ‌တွေမှာလည်း အငြိမ်းစားစစ်ဗိုလ်နဲ့/ တာဝန်ထမ်းဆဲ စစ်ဗိုလ်‌တွေပဲ အဓိက မင်းမူခဲ့တာပါ။

၁၉၈၈က‌နေ ၂၀၁၁ အထိ (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ‌တော့ တစ်မိုးလုံး‌ဖျောက်ဆိပ်ဆိုတာလို ဘယ်လိုအသင်းအဖွဲ့ ပဲ ဖွဲ့ပါ‌စေ (‌ကျောင်းသား သမဂ္ဂ/ အလုပ်သမားသမဂ္ဂ/ လယ်သမားသမဂ္ဂ တို့မှအပ) ဖွဲ့သမျှအသင်းတိုင်းမှာ နာယက မဟုတ်ရင် ဥက္ကဋ္ဌဟာ စစ်ဗိုလ်ပဲ ဖြစ်ပါတယ်။ ‌ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂတို့ကို‌တော့ ဖွဲ့စည်းခွင့် လုံးဝ မပြု ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစု‌တွေကလည်း “ရန်သူ့တပ်” လို့‌ခေါ်ကြသလို၊ တိုင်းရင်းသားပြည်သူများကလည်း သူတို့ လက်‌တွေ့ဘဝထဲက သင်ကြားချက်နဲ့ အညီ “အစိုးရစစ်တပ်” လို့ မှန်မှန်ကန်ကန် ‌ခေါ်‌ဝေါ်သုံးစွဲခဲ့တာပါ။

“နိုင်ငံ‌တော်”ဆိုတာနဲ့ပတ်သက်ပြီး ကာကွယ်‌ရေးဝန်ကြီး ဗိုလ်စိန်ဝင်းရဲ့ လွှတ်‌တော်တွင်း အဓိပ္ပာယ်ဖွင့်ဆိုချက်အရဆိုရင် မဏ္ဍိုင် ကြီးသုံးရပ်ဖြစ်တဲ့ အစိုးရ(အုပ်ချုပ်‌ရေး)၊ လွှတ်‌တော်များ(ဥပ‌ဒေပြု‌ရေး)၊ တရားစီရင်‌ရေးတို့ ပါဝင်‌ပေါင်းစပ်ထားတာပါ။ စစ်တပ် (တပ်မ‌တော်)က ဒီသုံးခုပါဝင်တဲ့ နိုင်ငံ‌တော်ကို ကာကွယ်‌နေတာ မဟုတ်လား။ ဒီဖွင့်ဆိုချက်က ၂၀၀၈ အ‌ခြေခံဥပ‌ဒေအရ ‌ပြော တာပါ။

ဟိုယခင် ၁၉၈၈က‌နေ ၂၀၁၁အထိက‌တော့ “နိုင်ငံ‌တော်အစိုးရ” ဆိုတဲ့စကားလုံးနဲ့ “စစ်တပ်(တပ်မ‌တော်)”ဆိုတာဟာ အနက် အဓိပ္ပာယ်အရ ဘာမှကွဲပြားခြားနားတာ မရှိပါဘူး။ “နိုင်ငံ‌တော်အစိုးရ”လို့‌ခေါ်ရင်လည်း “စစ်တပ်”လို့ အဓိပ္ပာယ်ရသလို၊ “စစ် တပ်”လို့ ‌ခေါ်ရင်လည်း “နိုင်ငံ‌တော်အစိုးရ”လို့ အဓိပ္ပာယ်ထွက်တာပါပဲ။

‌ကျေ‌ကျေနပ်နပ်နဲ့ “တပ်မ‌တော်အစိုးရ”လို့‌တောင် ‌ခေါ်ခဲ့ကြ‌သေးတာပဲ မဟုတ်လား။ ဒါ‌ကြောင့် “နိုင်ငံ‌တော်အစိုးရ”နဲ့ “စစ်တပ်” ဟာ သန့်စင်ခန်းနဲ့ အိမ်သာလို့ ထူးပြီး ခြားနားမ‌နေပါဘူး။ ဘယ်လိုပဲ‌ခေါ်‌ခေါ် အားလုံးက အလွယ်တကူ သ‌ဘော‌ပေါက်ကြပါ တယ်။

ကာကွယ်‌ရေးဝန်ကြီးရဲ့ ဖွင့်ဆိုချက်အရဆိုရင် စစ်တပ်နဲ့ နိုင်ငံ‌တော်အစိုးရဟာ သီးခြားစီဖြစ်တယ်လို့ လွှတ်‌တော်ထဲမှာ ရည်ရွယ် ချက်နဲ့ ‌ပြောတာပါ။ နိုင်ငံ‌တော်အစိုးရ (အုပ်ချုပ်‌ရေး/ဥပ‌ဒေပြု‌ရေး/တရားစီရင်‌ရေးမဏ္ဍိုင် ၃ရပ်)ကို စစ်တပ်က အကာအကွယ် ‌ပေး‌နေတဲ့ ကယ်တင်ရှင်ဖြစ်တယ်လို့ အ‌ပေါ်စီးယူပြီး ‌ပြောတာပါ။ “နိုင်ငံ‌တော်အစိုးရ”က သပ်သပ်၊ “စစ်တပ် (တပ်မ‌တော်)”က သပ်သပ်လို့ တမင် ခွဲခြား‌ပြောသွားတာပါ။ ဒီလိုခွဲ‌ပြောတာမှာ စစ်တပ်(တပ်မ‌တော်) ဆိုတာ နိုင်ငံ‌တော်အစိုးရရဲ့ လက်‌အောက် က မဟုတ်ဘူး။ လက်‌အောက်ခံ မဟုတ်ဘူး၊ အထက်က အ‌ပေါ်စီးဖြစ်တယ်ဆိုတာ ‌ပေါ်လွင်‌အောင် ‌ပြောသွားတာပါ။

၂၀၀၈ အ‌ခြေခံဥပ‌ဒေထဲမှာလည်း စစ်တပ်(တပ်မ‌တော်)ကို အခွင့်ထူး‌တွေ အလွန်အကျွံ‌ပေးထားတာပါ။ ကာချုပ်(စစ်တပ်) သ‌ဘောမတူဘဲ အ‌ခြေခံဥပ‌ဒေပြင်ဆင်မရ‌အောင် တစ်ဖက်ကလုပ်ထားသလို အခြားတစ်ဖက်က‌နေလည်း စစ်တပ်အ‌ရေးကိစ္စ ‌တွေမှာ နိုင်ငံ‌တော်အစိုးရ၊ လွှတ်‌တော်နဲ့ တရားလွှတ်‌တော်ချုပ်တို့က ဘယ်လိုမှ ဝင်‌ရောက်မစွက်ဖက်နိုင်‌အောင် အခွင့်ထူး မျိုးစုံ ‌ပေးပြီး ကာကွယ်ထားပါတယ်။

ဒီလို အခွင့်ထူးမျိုးစုံယူထားတဲ့ စစ်တပ်(တပ်မ‌တော်)ကြီး ငြိမ်းချမ်း‌ရေးအတွက် ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး ဘာ‌ပေးမလဲ။ တိုက်‌လေယာဉ်နဲ့ တိုက်ခိုက်‌ရေးရဟတ်ယာဉ်‌ပေါ်က‌နေ ပစ်ခတ်ကြဲချမယ့် ဗုံးဆံ‌တွေလား/ဒုံးပျံ‌တွေလား။ ၁၂၀-မမ အ‌မြောက် ကျည်ဆံ‌တွေလား။ ဘာ‌တွေ‌ပေးမှာလဲ။ ကာချုပ်ရဲ့ “ငြိမ်းမူ ၆ရပ်”ကလွဲပြီး တခြား‌ပေးစရာ ဘာမှမရှိဘူးဆိုတဲ့သ‌ဘောလား။

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများဘက်က‌ရော ဘာ‌တွေ‌ပေးကြမလဲ။
တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း‌တွေအ‌နေနဲ့လည်း (NCA)စာချုပ်မှာ လက်မှတ်ထိုးသူနဲ့ လက်မှတ်မထိုး ‌သေးသူဆိုပြီး ကွဲပြား‌နေပါ‌သေးတယ်။ ‌ပေးသင့်တယ်လို့ မြင်တဲ့အချက်က‌တော့ မိမိဌာနချုပ်၊ တပ်တည်စခန်း‌တွေကို (မည်သည့် အဖွဲ့က မဆို) လာ‌ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း မပြုသမျှ ခုခံတိုက်ခိုက်ခြင်း၊ စစ်‌ရေးဆိုင်ရာ လှုပ်ရှားခြင်းများ လုံးဝ မပြုဆိုတဲ့ အချက်ကို ‌လေးနက်တည်ကြည်စွာ ထုတ်ပြန်‌ပေးဖို့နဲ့ သက်ဆိုင်ရာ ‌ဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူများရဲ့ သွားလာ‌နေထိုင် လုပ်ကိုင်မှုမှန်သမျှကို ကာကွယ်‌စောင့်‌ရှောက်‌ပေးဖို့ပဲ ဖြစ်ပါတယ်။

‌နောက်ဆုံးတစ်ချက် ‌မေးစရာက‌တော့ “၂၁ရာစုပင်လုံညီလာခံ” တက်‌ရောက်‌ဆွေး‌နွေးခွင့်ဟာ လက်နက်ချပြီးတဲ့အဖွဲ့ (သို့တည်း မဟုတ်) လက်နက်ချမယ်လို့ ဝန်ခံကတိ လက်မှတ်‌ရေးထိုးပြီးတဲ့အဖွဲ့သာ တက်‌ရောက်‌ဆွေး‌နွေးခွင့်ရရှိမှာလားဆိုတဲ့ အချက်ပါပဲ။

ဒီအချက်ကို ငြိမ်းချမ်း‌ရေးညီလာခံ မတိုင်မီမှာ ကွဲကွဲပြားပြား သိရှိရလိမ့်မယ်လို့ ယူဆရပါတယ်။
ငြိမ်းချမ်း‌ရေးညီလာခံ အမြန်ဆုံး ဖြစ်‌မြောက်ပါ‌စေ။ ကချင်ပြည်၊ ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွား‌နေ‌သော တိုက်ခိုက်မှုများ ချက်ချင်း ရပ်စဲနိုင်ပါ‌စေ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ အဖွဲ့အစည်း‌တွေ အများအပြား ‌ပေါ်‌ပေါက်ပါ‌စေ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနဲ့ လက်နက်ချ၊ လည်စင်း‌ပေးမှု ကွဲပြားကြပါ‌စေ။