မတ် ၂၈၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံဋ္ဌာနတစ်ခုဖြစ်သော ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဋ္ဌာန-KDHW က နယ်စပ်နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့ (၈)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကျန်းမာရေး ပေါင်းစည်းမှု အမာခံအင်အားစု (HCCG) အဖွဲ့အတွင်း ပူးပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း မတ်လ ၂၂ရက်စွဲဖြင့် HCCG တာဝန်ရှိသူများထံသို့ အသိပေး အကြောင်းကြားစာ ပေးပို့ခဲ့သည်။
KDHW ဋ္ဌာနမှူး ပဒိုစောအယ်ကလူရွှေဦးက “HCCG အနေနဲ့ကျတော့ နိုင်ငံရေးနဲ့နွယ်လာတာ အများကြီး ဖြစ်လာတယ်။ နိုင်ငံ ရေးနဲ့ တကယ့်အခြေခံတာ ဖြစ်သွားတယ်။ နိုင်ငံရေးနဲ့ တကယ့်အခြေခံလိုဖြစ်သွားတဲ့အခါကျတော့ ရံဖန်ရံခါမှာ ကိုယ့် KNU နိုင်ငံရေးလမ်းကြောင်းနဲ့ သွားရမယ့်အစားကို HCCG လမ်းကြောင်းနဲ့သွားရမလို ဖြစ်လာတဲ့အခါကျတော့ နည်းနည်း ရှင်းရှင်း လင်းလင်းဖြစ်သွားအောင် ကျနော်တို့ ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။
လက်ရှိတွင် KDHW အနေဖြင့် KNU ၏ ရှေ့ဆောင်မှုအောက်မှ ချမှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ မူဝါဒများ၊ ကျန်းမာရေး စနစ်များကို လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံများ၌ တင်ပြနိုင်ရန် ပြင်ဆင်လျှက်ရှိပြီး HCCG နှင့် ပြန်လည်ပူးပေါင်း လုပ်ဆောင်မှုအပိုင်းမှာ နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲများအပေါ်တွင် မူတည်သည်ဟုလည်း စောအယ်ကလူရွှေဦး က ဖြည့်စွက်ပြောသည်။
နယ်စပ်လူမှုအဖွဲ့အစည်းများနှင့် HCCG အဖွဲ့ဝင်များကလည်း ယခုလ ၂၄ရက်နှင့် ၂၅ရက်နေ့အထိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် အစိုးရသစ်နှင့် ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းလုပ်ဆောင်သင့်သည့် ကိစ္စများကို ဆွေးနွေးခဲ့ရာ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် မှီတည်ပြီး လာမည့်အစိုးရသစ်နှင့် ဆက်လက် ဆွေးနွေးညှိနှိုင်း သွားမည်ဟုလည်း HCCG က ပြောဆိုထားသည်။
HCCG အဖွဲ့ဝင် BMA ဒါရိုက်တာ စောနေထူးက “အခုက တစုံတရာ နားလည်မှုလွှဲနေတာလို့ပဲ သုံးသပ်လို့ရမယ်။ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့ သူ့ရဲ့မိခင်နိုင်ငံရေး အဖွဲ့အစည်းတွေရှိကြတယ်လေ။ မိခင်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်မှုအညီနဲ့တော့ သွားရမှာပေါ့လေ။ မြန်ဆန်စွာပြောင်းလဲနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားကျန်းမာရေး အရေးကိစ္စလုပ်တဲ့အချိန်မှာ မတူညီတဲ့သဘောထားတွေ၊ မတူညီတဲ့ နောက်ခံအကြောင်းတွေ ဒါတွေကလည်း အတူတွဲလုပ်တဲ့ အခါမှာ ဖြစ်တတ်တဲ့ အခင်းအကျင်းလိုပဲလို့ ကျနော် ယူဆတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
HCCG အင်အားစုကိုု KDHW အပါအဝင် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း (BMA)၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့(BPHWT)၊ မယ်တော်ဆေးခန်း (MTC)၊ မွန်အမျိုးသား ကျန်းမာရေးကော်မတီ(MNHC)၊ ကရင်နီနယ်လှည့်ကျန်းမာ ရေးကော်မတီ(KnMHC)၊ ချင်းပြည်သူ့စီမံခန့်ခွဲ အုပ်ချုပ်ရေးကော်မတီ(CPAC)၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (SSDF) စသည့် ကျန်းမာရေးအဖွဲ့ (၈)ဖွဲ့ဖြင့် ၂၀၁၂ခုနှစ်၊ မေလက ဖွဲ့စည်းခဲ့သည်။
ကေအဲန်ယူ လက်အောက်ခံဋ္ဌာန ၁၄ခုအနက် တစ်ခုဖြစ်သော ကရင်ကျန်းမာရေးဋ္ဌာန(KDHW)ကို ကရင်နယ်မြေအတွင်း နေ ထိုင်ကြသည့် အလွှာပေါင်းစုံရှိ ပြည်သူလူထုအားလုံး၏ ကျန်းမာရေးကို စောင့်ရှောက်သွားရန် ရည်ရွယ်၍ ၁၉၅၆ခုနှစ်က ဖွဲ့စည်း ခဲ့သည်။



















