Home သတင်း ဖာပွန်ခရိုင်တွင် ကရင်အမျိုးသား‌နေ့ လမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်ပွဲ ၅‌နေရာ ကျင်းပ

ဖာပွန်ခရိုင်တွင် ကရင်အမျိုးသား‌နေ့ လမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်ပွဲ ၅‌နေရာ ကျင်းပ

2398

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့) ကျ‌ရောက်‌သော (၆၈)နှစ်‌မြောက် ကရင်အမျိုးသား‌နေ့၌ ကရင် အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)၊ ဖာပွန်(မူ‌တြော်)ခရိုင်တွင် လမ်း‌လျှောက်ချီတက် ဆန္ဒထုတ်‌ဖော်ပွဲ ၅ ‌နေရာ ပြုလုပ်ကျင်းပခဲ့သည်။

၎င်း‌ဒေသရှိ ‌ကေအဲန်ယူ၏ အုပ်ချုပ်‌ရေးနှင့် တပ်ဖက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များ ပူး‌ပေါင်း၍ ‌ဒေးဖိုးနို၊ တို‌သေ့ဖူး(ကျွန်းပင်)တို့တွင် ခရိုင်နှင့် တပ်မဟာ ဌာနချုပ်အဆင့်အဖြစ် ကျင်းပပြီး မြို့နယ်အဆင့်အဖြစ် လူ‌သောမြို့နယ် ပနာ‌အေ့ပယ်ခို့၊ ဒွဲ့လိုးမြို့နယ် ကွီးတမာ့(မိ‌ချောင်း‌ဝေး)၊ ဘူးသို့မြို့နယ် ဘွားဒဲ စသည့် ‌နေရာတို့တွင် ၎င်းလမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်ပွဲများကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

တို‌သေ့ဖူးရွာတွင် ပြုလုပ်‌သော ကရင်အမျိုးသား‌နေ့ကို တက်‌ရောက်သည့် ‌ကေအဲန်ယူ ဖာပွန်ခရိုင် ဥက္ကဌ ‌စောဒိ‌ဂေဂျူးနီယာက “ဒီ‌နေ့ဟာ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ တရားမျှတတဲ့ အခွင့်အ‌ရေးရရှိဖို့ ‌တောင်းဆိုချက် ၄ချက်နဲ့ တိုက်ပွဲဝင်တဲ့ ‌နေ့၊ ကရင်အမျိုးသား‌နေ့ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပနဲ့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ကရင်‌တွေ ဒီ‌နေ့ကို ပြန်အမှတ်ရဖို့နဲ့ မျိုးချစ်စိတ် နိုးကြားဖို့ ကျ‌နော်တို့ အခုလို ပွဲ(ချီတက်ဆန္ဒ ထုတ်‌ဖော်ပွဲ)ကို ကျင်းပတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တို‌သေ့ဖူးရွာ၌ ကရင်အမျိုးသား‌နေ့ လမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်ပွဲတွင် ‌ကေအဲန်ယူ ဖာပွန်ခရိုင် ဥက္ကဌ ‌စောဒိ‌ဂေဂျူးနီယာ၊ KNLA တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် ‌စောမူဟဲနှင့်အဖွဲ့တို့ ဦး‌ဆောင်‌သော အဖွဲ့နှင့် ယင်း‌ဒေသခံရှိ ရွာ‌ပေါင်း ၁၆ရွာမှ လူထုများ စုစု‌ပေါင်း ၅၀ဝ ‌ကျော်ပါဝင်ပြီး ၎င်းတို့သည် အချိန်တစ်နာရီ ကြာ‌သော တို‌သေ့ဖူးရွာမှ ‌ဒေ့‌ဘော‌ခေါ့ရွာသို့ လမ်း‌လျှောက် ချီတက်ခဲ့ကြသည်။

ထို့အပြင် ‌ဒေးဖိုးနို ဌာနချုပ်တွင် ပြုလုပ်‌သော ကရင်အမျိုးသား‌နေ့ လမ်း‌လျှောက်ချီတက်ပွဲတွင် ‌ကေအဲန်ယူ တာဝန်ရှိသူများနှင့် ‌ဒေသခံလူထု ၁၅၀ဝ ဝန်းကျင်ရှိ‌ကြောင်းနှင့် ကျန်မြို့နယ်အဆင့် သုံးခုတွင် စုစု‌ပေါင်း လူဦး‌ရေ (၃၀၀၀)ခန့် ရှိ‌ကြောင်း သိရသည်။

ထိုသို့ လမ်း‌လျှောက်ဆန္ဒထုတ်‌ဖော်ရာတွင် ကရင်အမျိုးသား‌တောင်းဆိုချက် ‌လေးချက်ဖြစ်သည့် ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ၊ လူမျိုး‌ရေး အဓိကရုဏ်းအလိုမရှိ၊ ပြည်တွင်းစစ် အလိုမရှိ စသည့် ‌ကြွေး‌ကြော်သံပါ‌သော ဆိုင်းဘုတ်များ ကိုင်‌ဆောင်ခြင်း၊ ကရင်အလံ‌တော် ကိုင်‌ဆောင်ခြင်းနှင့် ကရင်အမျိုးသား(က‌ညောဖိုး)ပါ‌သော စာလုံး‌ခေါင်းစီးများကို ‌ခေါင်း‌ပေါ်တွင် ပတ်ထားကြကာ ချီတက်ခဲ့ကြသည်။
IMG_4056
ယခုလို ကရင်အမျိုးသား‌နေ့ ကျင်းပခြင်းအ‌ပေါ် တို‌သေ့ဖူးရွာသူကြီး ‌စောဘူး‌လေ့က “ကျ‌နော်တို့ရွာမှာ ကိုယ့်ကရင်အမျိုးသား‌နေ့ ကျင်းပတာ ပထမဆုံးအကြိမ်ပဲ။ ဒီလို ကျင်းပတာ ဝမ်းသာတယ်။ ကျ‌နော်တို့ ‌ဒေသမှာ လူအများစုက အခုလို ကိုယ့်ကရင်ရဲ့ သမိုင်းဝင်‌နေ့ကို မသိကြ‌သေးဘူး။ ‌နောက်နှစ်ကျရင် ဒီထက်‌ကောင်း‌အောင် လုပ်ဖို့ ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တို‌သေ့ဖူးတွင် ပြုလုပ်သည့် ကရင်အမျိုးသား‌နေ့ ချီတက်ပွဲ၌ ပါဝင်သူလူငယ် ‌စောထူး‌ဂေကလည်း ကရင်အမျိုးသား‌နေ့ကို က‌လေး၊ လူငယ်များသာမက မသိရှိ‌သေးသည့် လူကြီးအများအပြား ရှိသည်ကို ‌တွေ့ရသည့်အတွက် စိတ်မ‌ကောင်း ဖြစ်မိ‌ကြောင်း၊ သို့‌သော်လည်း ယခုလို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ကျင်းပနိုင်သည့်အတွက် ဝမ်းသာ‌ကြောင်း ‌ပြောဆိုသည်။

လွန်ခဲ့သည့် ၁၉၄၈ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ရက်‌နေ့တွင် ကရင်ပြည်နှင့် တန်းတူအခွင့်အ‌ရေးရရှိ‌ရေး အတွက် တစ်နိုင်ငံလုံးရှိ ကရင်လူမျိုး ‌လေးသိန်း‌ကျော်သည် ‌ကြွေး‌ကြော်သံ ‌လေးချက်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်ခဲ့ကြပြီး ထို‌နေ့ကို အစွဲပြု၍ ကရင်အမျိုးသား‌နေ့ ‌ပေါ်‌ပေါက်လာခြင်းဖြစ်သည်။

ယ‌နေ့ ကျ‌ရောက်‌သော ၆၈နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ကို ‌ကေအဲန်ယူ၏ ခရိုင်နှင် တပ်မဟာ (၇)ခုတို့အပြင် ပြည်တွင်း၌လည်း ‌ဟော‌ပြောပွဲ အခမ်းအနားပုံစံဖြင့် ပြုလုပ်မှုအချို့ရှိ‌ကြောင်း သိရသည်။