နိုဝင်ဘာလ ၅ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) နိုင်ငံခြားရေးရာဋ္ဌာနက နော်ဝေးနိုင်ငံတွင် နေထိုင်သည့် ကရင်တိုင်းရင်းသား (၂)ဦး ကို နော်ဝေးနိုင်ငံ ကိုယ်စားပြု ကေအဲန်ယူ ကိုယ်စားလှယ်များအဖြစ် ခန့်အပ်လိုက်ကြောင်း အောက်တိုဘာလ ၃၁ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ကေအဲန်ယူအနေဖြင့် ယခင်ကတည်းက ပြည်ပနိုင်ငံများတွင် ကေအဲန်ယူကိုယ်စားလှယ် ခန့်အပ်ထားမှုများ ရှိခဲ့သည်ဟုလည်း ကေအဲန်ယူ နိုင်ငံခြားရေးရာဌာန တာဝန်ခံ ပဒိုစောအောင်ဝင်းရွှေက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အဓိကကတော့ ကေအဲန်ယူကို ကိုယ်စားပြုပြီး အဲဒီနိုင်ငံတွေကနေ ကေအဲန်ယူရဲ့လုပ်ငန်းတွေ၊ ရှင်းလင်းချက်တွေ သိချင်တာ ဖြစ်ဖြစ်၊ အကူအညီတွေအပြင် နိုင်ငံရေးပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေ ဆီမှာ ချဉ်းကပ်ပြီး တင်ပြမှုတွေ လုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်”ဟု ဆိုသည်။
ကေအဲန်ယူ နော်ဝေးနိုင်ငံကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူများမှာ စောမြင့်အောင်နှင့် စောဂျက်အယ်ထူးတို့ဖြစ်ကြပြီး ပြီးခဲ့ သည့် အောက်တိုဘာလ ၂၆ရက်နေ့က ကျင်းပခဲ့သည့် ကေအဲန်ယူ အလုပ်အမှုဆောင်အစည်းအဝေးတွင် အတည်ပြုခဲ့ပြီး နောက် ယခုကဲ့သို့ နိုင်ငံခြားရေးဌာန တရားဝင် ခန့်အပ်လိုက်ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
ယင်းသို့ နိုင်ငံခြားကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသူများအနေဖြင့် ကေအဲန်ယူကိုယ်စား ၎င်းနိုင်ငံများတွင် နေထိုင်နေကြသည့် ကရင်လူမျိုးများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှု စသည့်ကိစ္စအဝဝကိုလည်း ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း သိရသည်။
နိုင်ငံခြားကိုယ်စားလှယ်များကို ယခင်က ကေအဲန်ယူ ဗဟိုမှ တိုက်ရိုက် ရွေးချယ်ခန့်ထားခြင်းဖြစ်ပြီး ယခုအခြေအနေများအရ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ ကရင်လူမှုအဖွဲ့အစည်းများမှ သင့်လျော်ရာ ရွေးချယ်ပေးလိုက်သူများကို ကေအဲန်ယူက ပြန်လည် စိစစ်ပြီး အတည်ပြု ခန့်အပ်ပေးခြင်းဖြစ်သည်။
လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူအနေဖြင့် အမေရိကန်၊ နော်ဝေး၊ ဆွီဒင်၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေး လျား၊ ဂျပန်၊ မလေးရှား စသည့်နိုင်ငံများတွင် ကိုယ်စားလှယ်များ အသီးသီး ခန့်အပ်ထားကြောင်း သိရသည်။



















