Home သတင်း ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတားသည် ထိုင်း-မြန်မာပူး‌ပေါင်းမှု မှတ်တိုင်တစ်ရပ်ဟု မြန်မာဒုသမ္မတ‌ပြောဆို

ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတားသည် ထိုင်း-မြန်မာပူး‌ပေါင်းမှု မှတ်တိုင်တစ်ရပ်ဟု မြန်မာဒုသမ္မတ‌ပြောဆို

2008

ဩဂုတ် ၃ဝရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတားတည်‌ဆောက်မှုသည် နှစ်နိုင်ငံပြည်သူများအကြား စည်းလုံးညီညွတ် သည့် ပူး‌ပေါင်း‌ဆောင်ရွက်မှုကို ‌ဖော်‌ဆောင်ပြ‌သော မှတ်တိုင်တစ်ရပ်ဖြစ်လာမည်ဟု ထိုင်း-မြန်မာနယ်စပ်မဲ‌ဆောက်ဘက်တွင် ယ‌နေ့ကျင်းပသည့် တံတားအုတ်မြစ်ချမဂင်္လာပွဲကို တက်‌ရောက်လာသည့် မြန်မာနိုုင်ငံဒုတိယသမတ ဦးဉာဏ်ထွန်းက ‌ပြောဆို လိုက်သည်။

ဒုသမ္မတ ဦးဉာဏ်ထွန်းက “အခု တည်‌ဆောက်မဲ့ မြန်မာ-ထိုင်းချစ်ကြည်‌ရေးတံတား အမှတ် ၂ဟာ နှစ်နိုင်ငံ ပြည်သူ‌တွေအကြား စည်းလုံးညီညွှတ်မှု ဆက်ဆံ‌ရေး‌ကောင်းမွန်‌ရေး ပူး‌ပေါင်း‌ဆောင်ရွက်မှုများကို ‌ဖော်‌ဆောင်ပြသမဲ့ မှတ်တိုင်တစ်ရပ် ဖြစ်လာမယ် လို့ ယုံကြည်ပါတယ်”ဟု ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ထိုင်း- မြန်မာကုန်သွယ်မှုပမာဏသည် ၂၀၁၅ ခုနှစ်တွင် ၆ဝဘီလီယံရှိပြီး လာမည့် ၂၀၁၆ခုနှစ်တွင် ၁၂ဝဘီလီယံအထိ ခန့်မှန်းထားသည်ဟုလည်း ဒုတိယသမ္မတက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုခဲ့သည်။

အုတ်မြစ်ချမဂင်္လာကို မဂင်္လာအချိန်ဖြစ်သည့် နံနက် ၁၁နာရီတွင် စတင်ခဲ့ပြီး ထိုင်းဘက်ခြမ်းရှိ အမှတ် ၁၂ တံတားတိုင်‌နေရာ တွင် ကျင်းပကာ မြန်မာဒုသမ္မတဦးဉာဏ်ထွန်းနှင့် ထိုင်းဒုတိယဝန်ကြီးချုပ်နိုင်ဆုမ်ခစ် ကျတူစီဖိထပ်တို့က ပူးတွဲဖွင့်လှစ်‌ပေးခဲ့ သည်။

ယ‌နေ့ကျင်းပသည့် အုတ်မြစ်ချမဂင်္လာ အခမ်းအနား

ယ‌နေ့ကျင်းပသည့် အုတ်မြစ်ချမဂင်္လာ အခမ်းအနား


နိုင်ဆုမ်ခစ် ကျတူစီဖိထပ်က “နှစ်နိုင်ငံအတွက် အဓိကကျမဲ့ တံတားကြီးဖြစ်လာမှာဖြစ်သလို အာဆီယံအသိုက်အဝန်း (AEC) အတွက်လည်း စီးပွား‌ရေးနဲ့ ခရီးသွားလုပ်ငန်း‌တွေအတွက် အခွင့်အလမ်း‌ကောင်း‌တွေရရှိလာမှာဖြစ်တယ်”ဟု ‌ပြောဆိုခဲ့သည်။

ယ‌နေ့အခမ်းအနားသို့ မြန်မာနိုင်ငံဒုသမတနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကရင်ပြည်နယ်ဝန်ကြီးချုပ် ‌စောထိန်ဝင်းနှင့် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ‌ခေါင်း‌ဆောင်များ တက်‌ရောက်အား‌ပေးခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။

မဲ‌ဆောက် – မြဝတီ နယ်ခြား‌သောင်ရင်းမြစ်‌ပေါ်တွင် တည်‌ဆောက်မည့် ဒုတိယ‌မြောက်ချစ်ကြည်‌ရေးတံတားမှာ ‌ရေလယ်တိုင်မပါ ‌သော တံတားအမျိုးအစားဖြစ်ပြီး ထိုင်းနိုင်ငံဘက် မှ ဘတ်‌ငွေသန်း (၃၉၀၀) အကုန်အကျခံကာ ၂၀၁၈ခုနှစ်တွင် အပြီးတည် ‌ဆောက်မည်ဖြစ်သည်။

အဆိုပါ ချစ်ကြည်‌ရေးတံတားကို ထိုင်းဘက်ခြမ်းမဲ‌ဆောက်မြို့နယ် ဝမ်တခင်းရမ်းစီရင်စု အမှတ် ၇ရပ်ကွက်နှင့် မြန်မာဘက်ခြမ်း၊ မြဝတီမြို့နယ်၊ အမှတ် ၅ရပ်ကွက်ရှိ ‌ရေပူအရပ်ကို ဆက်သွယ်‌ဖောက်လုပ်မည်ဖြစ်သည်။