မေ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
လာမည့် ၂၀၁၆ ခုနှစ်ဆန်းပိုင်းအတွင်း ကရင်အမျိုးသားညီလာခံတစ်ရပ် ကျင်းပသွားရန် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ လေးဝါးနေရာ၌ မေလ ၆ရက်မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သော ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲက ဆုံးဖြတ်လိုက်သည်။
ကေအဲန်ယူ အပါအဝင် ပြည်တွင်းပြည်ပ ကရင်လူထုအခြေပြု အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ ကရင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ကရင်လူငယ်နှင့် အမျိုးသမီးအဖွဲ့ စသည့် အဖွဲ့အစည်းပေါင်း (၄၂)ဖွဲ့မှ ကိုယ်စားလှယ်ဦးရေ ၁၈ဝဦး တက်ရောက်ခဲ့သော ၎င်းနှီးနှောဖလှယ်ပွဲတွင် ထိုသို့ သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင် ပဒိုစောလှထွန်းက “ကရင်တော်လှန်ရေး စတင်တဲ့အချိန်ကစပြီး ကရင်အမျိုးသား တွေဟာ မတူညီတဲ့ အခြေအနေတွေမှာ နေထိုင်ခဲ့ရတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရ ကရင်အမျိုးသားအရေး တွေ အနာဂတ်အရေးတွေကို ဆွေးနွေးဆုံးဖြတ်ဖို့ လိုအပ်လာတဲ့အပေါ်မှာ ဒီကရင်အမျိုးသားညီလာခံကို ကျင်းပဖို့ လိုအပ်လာ တာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယင်းနှီးနှောဖလှယ်ပွဲတွင် ကေအဲန်ယူ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှု၊ မျိုးနွယ်စုဆိုင်ရာများ၊ ဒုက္ခသည်များအရေး စသည့် အနာဂတ် တည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားစီမံကိန်းများကို အသီးသီး တင်ပြကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ကရင်အမျိုးသားညီလာခံအတွက် ညီလာခံဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းခြင်း၊ စီမံကိန်းရေးဆွဲရန် ကိုယ်စားလှယ်များ ရွေးချယ် ပြီး နှီးနှောဖလှယ်ပွဲမှ တင်ပြဆွေးနွေး အကြံပြုချက်များကို အကြိုညီလာခံများ ပြုလုပ်ကာ အဆင့်ဆင့်ဆွေးနွေးပြီးမှ ကရင်အမျိုး သားညီလာခံတွင် ထည့်သွင်းဆွေးနွေး အတည်ပြုသွားကြမည်ဖြစ် သည်ဟုလည်း သိရသည်။
နှီးနှောဖလှယ်ပွဲတက်ရောက်သည့် THWEE လူထုအခြေပြုလူမှုဖွံ့ဖြိုးရေးကွန်ရက်မှ တာဝန်ခံ မန်းသိန်းဇော်က “တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အတည်ပြုချက်တွေရမှသာလျှင် ကရင်တစ်မျိုးသားလုံးအတွက် ပြည့်စုံပြီး ကောင်းမွန်တဲ့ ကရင်အမျိုးသား ညီလာခံ ဖြစ်လာမယ်လို့ ယူဆတယ်။ အဲဒီလိုဖြစ်လာဖို့ ကရင်အမျိုးသားတစ်ယောက်အနေနဲ့ ညီလာခံကို မဖြစ်ဖြစ်အောင် လုပ် စေချင်တဲ့ ဆန္ဒရှိပါတယ်။ ထို့အတူ အားလုံးပါဝင်နိုင်အောင်လည်း စည်းရုံးလှုံ့ဆော်သွားရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲတွင် ညီလာခံကျင်းပရေးအပြင် ကရင်လူဦးရေကို နည်းပါးလျော့ကျစေသော သန်းခေါင်စာရင်း ဆိုင်ရာ မျိုးနွယ်စုသတ်မှတ်ချက်များ ကန့်ကွက်ကြောင်းနှင့် တောင်ငူဒေသအတွင် အစိုးရတပ်၏ ဗုံးကြဲလေ့ကျင့်မှုနှင့်အတူ ဖာပွန်ခရိုင်အတွင်း အစိုးရတပ်၏ နယ်မြေတိုးချဲ့လှုပ်ရှားမှုများကို ရပ်တန့်ပေးရန်လည်း နှီးနှောဖလှယ်ပွဲက ကြေညာချက် ထုတ် ပြန်ကာ တောင်းဆိုလိုက်သည်။
ကရင်လူမျိုးများအချင်းချင်း စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်၍ ၁၉၉၉ ခုနှစ်မှစတင်ပြီး ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မှု ကရင်တစ်မျိုးသားလုံး ပါဝင်နိုင်သည့် ကရင်အမျိုးသားညီလာခံတစ်ရပ် ဖြစ်ပေါ်လာရေး ရှေးရှု ၍ (Karen National Seminar) ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲအဖြစ် ပြောင်းလဲခေါ်ဝေါ် ကျင်းပခဲ့ကြခြင်းဖြစ်သည်။



















