Home သတင်း ‌ရေပုပ်အနံ့ဆိုး‌ကြောင့် ‌ရေခဲစက်ရုံရပ်ထား‌ပေးရန် ‌ညောင်‌လေးပင်မြို့ခံများ ကန့်ကွက်စာတင်မည်

‌ရေပုပ်အနံ့ဆိုး‌ကြောင့် ‌ရေခဲစက်ရုံရပ်ထား‌ပေးရန် ‌ညောင်‌လေးပင်မြို့ခံများ ကန့်ကွက်စာတင်မည်

2031

‌မေ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ညောင်‌လေးပင်မြို့ မြို့မ (၁)ရပ်ကွက် အာဇာနည်လမ်းရှိ ‌ရေခဲစက်ရုံမှ ထွက်လာသည့် ‌ရေပုပ်အနံ့‌ကြောင့် လူ‌နေရပ်ကွက်အတွင်း ‌နေထိုင်ကြသူများနှင့် ပတ်ဝန်းကျင်ကို ထိခိုက်သည့်အတွက် စက်ရုံရပ်ထား‌ပေးရန် မြို့နယ်အုပ်ချုပ်‌ရေး မှူးထံသို့ ကန့်ကွက်စာတင်သွားမည်ဟု ‌ဒေသခံများက ‌ပြောသည်။

လက်ရှိ ကန့်ကွက်စာတင်နိုင်ရန် ‌မေလ ၁ဝရက်‌နေ့က ယင်းစက်ရုံအနီး ‌နေထိုင်သူများက စု‌ပေါင်း၍ လက်မှတ်များ လိုက်လံ ‌ကောက်ခံလျက်ရှိပြီး ‌ကောက်ခံပြီးလျှင် ကန့်ကွက်စာနှင့်အတူ မြို့နယ်အုပ်ချုပ်‌ရေးမှူးထံသို့ ‌ပေးပို့တင်ပြသွားမည်ဖြစ်‌ကြောင်း မြို့မ (၁) ‌ဘေဘီ‌အောင်ဝင်းတွင် ‌နေထိုင်သည့် ‌နော်မာမာချိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ရေခဲစက်ကို ‌ရေ‌နွေး‌ငွေ့သုံး ဘွိုင်လာ(‌ရေ‌နွေးသုံးစက်)နဲ့ တပ်ဆင်အသုံးပြု‌တော့ အန္တရာယ်ရှိနိုင်တဲ့အပြင် အချိန်မ‌ရွေး ‌ပေါက်ကွဲနိုင်တယ်။ ‌နောက်ပြီး စက်ရဲ့ဆူညံခြင်း၊ အနံ့ဆိုးထွက်ခြင်းနဲ့ ‌ရေများဝါလာခြင်း‌ကြောင့် ရပ်ကွက်အတွင်း ‌နေထိုင်တဲ့ လူ ‌တွေက စိုးရိမ်လာတယ်။ ဒါ‌ကြောင့် ပြဿနာ‌ဖြေရှင်း‌ပေးဖို့ တိုင်စာတင်မယ်။ ‌လော‌လောဆယ် လက်မှတ်‌ကောက်ခံတာ ၇ဝ ‌ကျော်‌လောက် ရရှိထားပြီ။ ‌ကောက်ပြီးတာနဲ့ တင်မှာပါ”ဟု ‌ပြောဆိုသည်။

ထို့အပြင် ရပ်ကွက်အတွင်း ‌ရေဆိုးများ ဝင်လာခဲ့သည့်အချိန်မှစ၍ ‌သောက်သုံး‌ရေများ ပျက်ရ‌ကြောင်း၊ ယခင် တုံကင်‌ရေများ အ‌ရောင်ဝါလာ‌ကြောင်း၊ စက်ရုံမှစီးဆင်း၍ ‌နေအိမ်များသို့ လာထိကပ်‌နေသည့် ‌ရေများမှာ အ‌ရောင်အနည်းငယ်မည်းလာပြီး အနံ့ ပြင်းမှုကို မခံနိုင်‌ကြောင်းနှင့် ‌ရေမ‌ကောင်းသည့်အတွက် ‌လေထုညစ်ညမ်းမှုလည်း ဖြစ်‌ပေါ်‌ကြောင်း သူမက ဆက်‌ပြောသည်။

အဆိုပါ‌ရေခဲစက်မှာ တစ်ရက်လျှင် အ‌လေးချိန်‌ပေါင် ၃၀ဝရှိသည့် ‌ရေခဲတုံး ၂၅ဝခန့် ထုတ်နိုင်သည့် ‌ရေခဲစက်ရုံဖြစ်သည့်အတွက် စက်ရုံမှ ထွက်လာသည့် ‌ရေဆိုးအနံ့များသည် ၃ဖာလုံခန့်အထိ ပျံ့နှံ့သွားနိုင်သည်ဟုလည်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

‌ရေခဲစက်ကိစ္စအ‌ပေါ် ‌ညောင်‌လေးပင်သာသနာ ခရစ်ယာန်လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုး‌ရေးဌာန တာဝန်ခံ ‌စောဖဲန်းထယ်ကလည်း “ဒါက ပတ်ဝန်းကျင်မှာရှိ‌နေတဲ့ အိမ်‌တွေကို ခံစားရ‌စေပြီး တချို့ဆိုရင် ကျန်းမာ‌ရေး‌တောင် ထိခိုက်လာပြီ။ ဆို‌တော့ ဒါက လူ‌တွေအ တွက် အဆိပ်အ‌တောက်‌တောင် ဖြစ်‌စေနိုင်တယ်။ ဒါ‌ကြောင့် ဒီကိစ္စမှာ ကျ‌နော်တို့လည်း တတ်နိုင်သ‌လောက် ပါဝင်လုပ်‌ဆောင် မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အာဇာနည်လမ်း ‌ရေခဲစက်ရုံတည်ရှိသည့် ‌ညောင်‌လေးပင်မြို့၊ မြို့မ(၁)ရပ်ကွက်မှာ ကရင်အများစု‌နေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ယင်း‌ရေခဲစက်ရုံကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလကတည်းက စတင်တည်‌ထောင်ထားပြီး‌နောက် ယခု ဧပြီလအတွင်း၌ အနံ့ဆိုးများ ထွက်‌ပေါ်လာခြင်းဖြစ်‌ကြောင်း စက်ရုံအနီး‌နေထိုင်သူများက ‌ပြောဆို‌နေကြသည်။