မေ ၁၄ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
အစိုးရကျောင်းများတွင် ကရင်စာသင်ကြားမည့် ဆရာ၊ ဆရာမများအတွက် ပထမဦးဆုံးအကြိမ် ရက်တိုမွမ်းမံသင်တန်းဆင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာ၊ ရွာသစ်ပိုင်း အသင်းခြံဝင်းရှိ မှော်ဘီကရင်နှစ်ခြင်းခရစ်ယာန် ကျမ်း စာသင်ကျောင်းခမ်းမ၌ မေလ ၁၃ရက်နေ့ညနေက ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ကရင်စာသင်ကြားပေးမည့် ဆရာ၊ ဆရာမများအနေဖြင့် စကောကရင်စာ ရေးထုံး၊ လက်ရှိ သင်ရိုးညွှန်း တမ်းတွင် မှားယွင်းနေသည့် စာလုံးပေါင်းများ၊ သင်ကြားရေးနည်းစနစ်များကို ပိုမို သိရှိနားလည်ရန် ရည်ရွယ်ပြီး ထန်းတပင်မြို့ နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့က မေလ ၁၁ရက်မှ ၁၃ရက်နေ့အထိ သင်တန်းဦးဆောင်ဖွင့်လှစ်ခဲ့သည်ဟု မှော် ဘီမြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် အငြိမ်းစားအလယ်တန်းကျောင်းအုပ် ဆရာစောမောင်တုတ်က ကေအိုင်စီ သို့ ပြောသည်။
“လာမဲ့ ပညာသင်နှစ်မှာ မှော်ဘီနဲ့ ထန်းတပင်မြို့နယ်တွေက အစိုးရကျောင်းတွေမှာ စကောကရင်စာကို စသင်ပေးဖို့ မြို့နယ် စာယဉ်တွေက ဦးဆောင်စီစဉ်ထားတယ်။ ဒီနေရာမှာ အစိုးရဝန်ထမ်း ကရင်ကျောင်းဆရာ၊ ဆရာမနဲ့ ပြင်ပဆရာတွေကနေ သင် ပေးမယ်။ သင်တဲ့အခါ စနစ်တကျဖြစ်ဖို့ အခုလို မွမ်းမံသင်တန်းဖွင့်တာဖြစ်တယ်”ဟု စောမောင်တုတ်က ပြောသည်။
အဆိုပါ ရက်တိုမွမ်းမံသင်တန်းသို့ မှော်ဘီမြို့နယ်မှ သင်တန်းသား ၄၄ဦးနှင့် ထန်းတပင်မြို့နယ်မှ သင်တန်းသား ၃၇ဦး စုစုပေါင်း ဆရာ၊ ဆရာမ ၈၁ဦးတို ့တက်ရောက်ခဲ့ပြီး သင်တန်းကုန်ကျစရိတ်များကို သက်ဆိုင်ရာ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ တို့မှ အကုန်အကျခံ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု မှော်ဘီစာယဉ်အဖွဲ့က ဆိုသည်။
မှော်ဘီမြို့နယ်၊ စံပြကျေးရွာ၊ အမက(မူလွန်)စံပြက သင်တန်းသူ မူလတန်းပြဆရာမ နော်ရိထူးက “ဆရာမ အနေနဲ့က စကော ကရင်စာကို သိပေမဲ့ ပြန်သင်ဖို့ကျတော့ နည်းစနစ်လေးတွေ လိုတယ်။ ရေးသားပုံနည်းစနစ်တွေ မသဲကွဲတဲ့ စာလုံးပေါင်းတွေနဲ ့ အခုပုံနှိပ်စာအုပ်မှာ မှားနေတဲ့စာလုံးပေါင်းတွေကို ဒီသင်တန်းမှာ သိရှိလာခဲ့တယ်။ ကလေးတွေကို အကောင်းဆုံး ပြန်သင်ပေးဖို့ တော့ အဆင်သင့်ဖြစ်နေပါပြီလို့ ပြောချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းမွမ်းမံသင်တန်းဆင်းပွဲတွင် မှော်ဘီ၊ ထန်းတပင်၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မှ မြို့နယ်စာယဉ်တာဝန်ရှိသူများ၊ ရန် ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်နှင့် သင်တန်းဆင်း ဆရာ၊ ဆရာမများ၊ သင်တန်း ဆရာများ အပါအဝင် စုစုပေါင်း ၁၂ဝဦးခန့် တက်ရောက်ခဲ့ကြသည်။
မှော်ဘီမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်း ၂၄ကျောင်းမှ ကရင်ကျောင်းသူကျောင်းသား ၁,၃၀ဝခန့်ကို လာမည့် ပညာသင် နှစ်မှ စတင်ကာ စကောကရင်စာသင်ပေးရန် မြို့နယ်စာယဉ်မှ စီစဉ်လျှက်ရှိပြီး ကျောင်းဖွင့်ချိန်အမီ သင်ကြားပေးနိုင်ရေးအတွက် အမှတ်(၃) အခြေခံပညာဦးစီးဌာန၊ ကရင်ရေးရာဝန်ကြီးနှင့် မြို့နယ်ပညာရေးမှူးထံသို့ နောက်ဆုံးကောက်ခံထားသည့် ကျောင်း နှင့် ကျောင်းသားစာရင်းများကို ယခုရက်ပိုင်းအတွင်း တင်ပြသွားရန်ရှိကြောင်း မြို့နယ်စာယဉ်ထံမှ သိရသည်။



















