မေ ၄ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ကရင်စာပေနှင့် ယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၁၁မြို့နယ်တွင် ဖွင့်လှစ် ခဲ့သည့် ကရင်သက္ကရာဇ် ၂၇၅၄ခုနှစ် ပန်းတနော် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို ပန်းတနော်မြို့ နယ်၊ သလပ်ခွာကျေးရွာ၌ မေလ ၂ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ယခုနှစ် မတ်လမှ ဧပြီလကုန်ပိုင်းထိ ဧရာဝတီတိုင်းဒေသကြီးအ တွင်းရှိ ပန်းတနော်၊ ဝါးခယ်မ၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ အိမ်မဲ၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ တွံတေး၊ လှိုင်သာယာမြို့များရှိ ရပ်ကွက်ကျေးရွာ ၆၂ခုတို့တွင် ကရင်စာပေသင်တန်းများ ဖွင့်လှစ်ခဲ့ကြပြီး သင်တန်း ဆင်းပွဲကို အခုလို စုပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပန်းတနော်စာယဉ်ဥက္ကဋ္ဌ ဒေါက်တာမန်းခင်မောင်စိုးက ပြောသည်။
“လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံမှာ မြန်မာစာကို ရုံးသုံးကျောင်းသုံး သတ်မှတ်အသုံးပြုတဲ့အတွက် အကျိုးဆက်အဖြစ် ယနေ့ ကရင်အမျိုးသားထုအတွင်းမှာ ကရင်စကား မတတ်တဲ့သူတွေ ပိုမိုများပြားလာခဲ့ပါတယ်။ စကားကွယ်ပျောက်ခြင်းဟာ လူမျိုးကွယ်ပျောက်ခြင်းလို့ ပြောလို့ရပါတယ်။ ဒါကြောင့် လူမျိုးမပျောက်ရေးအတွက် ကရင်စာပေနဲ့ ယဉ်ကျေးမှု ဖော်ထုတ်မြှင့် တင်တဲ့အနေနဲ့ စာပေသင်တန်းကို နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်ခဲ့တာပါ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါသင်တန်းဆင်းပွဲကို မေလ ၂ရက်နေ့ ည ၈နာရီခွဲတွင် စတင် ကျင်းပခဲ့ပြီး ပန်းတနော် စာယဉ် တာဝန်ရှိသူများ၊ ဧရာဝတီ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသန်းရွှေ၊ ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီဝင် များ၊ မြို့နယ်အသီးသီးရှိ စာယဉ်ကော်မတီဝင်များ အပါအဝင် ဒေသခံလူထု ၅၀၀၀ကျော် တက်ရောက်ခဲ့ကြသည်။
ထို့အပြင် သင်တန်းဆရာ ဆရာမ ၈၉ဦးအား ဂုဏ်ပြုလက်မှတ်ပေးခြင်း၊ ကရင်စာ စာစီစာကုံးပြိုင်ပွဲနှင့် ဒုံးအကပြိုင်ပွဲ ဆုချီးမြှင့် ခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို မွန်းလွဲ ၁နာရီကျော်တွင် ရုတ်သိမ်းလိုက်သည်။
ဝါးခယ်မမြို့နယ်၊ မြဂိုးကြီးကျေးရွာအုပ်စု၊ ရေကျော်ဝရွာသား ကရင်စာသင်တန်းဆရာ စဂေးစိန်က “ကျနော်က ပန်းတနော်မြို့နယ် စာယဉ်အစီအစဉ်နဲ့ ဝါးခယ်မမြို့နယ်မှာ မတ်လကုန်ကနေ ဧပြီလကုန်ပိုင်းအထိ ကျောင်းသူကျောင်းသား ၄ဝဦးကို ကရင်စာ သင် ပေးခဲ့တယ်။ ကလေးတွေကတော့ စိတ်ဝင်စားမှုအားနည်းပေမဲ့ ဒီလိုပဲ စိတ်ရှည်ရှည်ထား သင်ပေးခဲ့တယ်။ နောက်နှစ်တွေ စာယဉ်က တာဝန်ပေးရင် သွားသင်ပေးဖို့ ရှိတယ်”ဟု ဆိုသည်။
ပန်းတနော် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီကို ၁၉၆၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုသင်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ရက်နေ့က ပြုလုပ်သည့် အဆိုပါစာယဉ်ကော်မတီ၏ စည်းဝေးဆုံးဖြတ်ချက်ဖြင့် စီမံချက်ရေးဆွဲ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပန်း တနော်မြို့နယ်ရှိ အစိုးရစာသင်ကျောင်း ၃၉ကျောင်းတွင် ဆရာ၊ဆရာမ ၆၆ဦးတို့က ကရင်စာ သင်ကြားပေးလျှက်ရှိကြောင်း ပန်း တနော်စာယဉ်က ပြုစုထားသော စာရင်းမှတ်တမ်းများအရ သိရသည်။



















