မေ ၅ ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်နှင့် အပစ်ရပ်စာချုပ်တွင် လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် လက်မှတ်ထိုးရန် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆန်းတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ထိပ်သီးအစည်းအဝေး ၄ ရက်မြောက်နေ ့တွင် သဘော တူညီခဲ့သည်ဟု အစည်းအဝေး တက်ရောက်နေသည့် ကိုယ်စားလှယ်များက ပြောသည်။
မေ ၄ ရက်နေ ့ကပြုလုပ်ခဲ့သည့် ညီလာခံ ၄ ရက်မြောက်နေ့တွင် ယခင်ရက်များက တစ်ဖွဲ့ချင်းစီအလိုက် ညီလာခံသို ့ တင်သွင်းသည့် အကြံပြုစာတမ်းများကိုပြန်လည် သုံးသပ်ဆွေးနွေးခဲ့သလို ငြိမ်းချမ်းရေးအတွက် အထောက် အကူပြုရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ပြင်ဆင်ရေး အစိုးရကို တိုက်တွန်းသွားရန် ညီလာခံတွင် သဘောတူခဲ့သည်ဟု အထူးဒေသ (၄) NDAA မိုင်းလားအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးခမ်းမောင်က ပြောသည်။
“ တိုင်းရင်းသားအတွက်အကျိုးမရှိတာတွေကိုပြင်ကို ပြင်စေချင်တယ်။ ပြင်မှလည်း ငြိမ်းချမ်းရေး ဆွေးနွေးတာ အရာရောက်မယ်။ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုတာကတော့ တိုင်းရင်းသား အဖွဲ့တွေအားလုံးအတွက် အကျိုး မရှိတာတွေအားလုံးပြင်ရလိမ့်မယ် အဲဒါကတော့ အားလုံး ဘုံသဘောတူညီချက်လို့ ပြောလို့ရတယ်” ဟု ညီလာခံကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးခမ်းမောင်က ပြောသည်။
ထို ့အပြင် ယမန်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပဋိပက္ခများလျှော့ချနိုင်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ကို အထောက်အကူပြုစေရေးအတွက် ဆွေးနွေးခဲ့ပြီး တ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဖြစ်စဉ်တွင် အားလုံး ပါဝင်လက်မှတ်ထိုးရန် သဘောတူညီခဲ့သည်ဟု တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PSLF/TNLA) အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ပြောသည်။
“ တစ်နိုင်ငံလုံး အပစ်ရပ်ရေးကို အားလုံးပါဝင်ရမယ်ဆိုတဲ့ မူကိုချမှတ်နိုင်ခဲ့တယ်။ အခုအစည်းအဝေးကို တက်ရောက် နေတဲ့အဖွဲ့တွေကို ကြည့်ရင် တိုက်ပွဲဖြစ်နေတာတွေရော အစိုးရဘက်က ဆွေးနွေးဘက်အဖြစ် သတ်မှတ်မထားတဲ့ အဖွဲ့တွေပါရှိနေတဲ့အတွက် ဒါက အစည်းအဝေးရဲ့ ထူးခြားချက်လို့ ပြောလို့ရတယ်” ဟု တာဘုန်းကျော်က ပြောဆိုသည်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အားလုံးစုစည်း အားကောင်းဖို ့လိုသည်ကို အဖွဲ့များအားလုံး သဘောတူခဲ့ပြီး အားလုံးပါဝင်မှုမရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်သည် အဓိပ္ပာယ်ရှိမည် မဟုတ်ဆိုသည်ကိုလည်း အဖွဲ့များအားလုံး အမြင်တူလက်ခံခဲ့သည်ဟု မိုင်းလားအဖွဲ့မှ ဦးခမ်းမောင်က ဆက်ပြောသည်။
လက်ရှိ ပန်ဆန်း ညီလာခံကို မေ ၅ ရက်နေ ့တွင် ဆက်လက်ကျင်းပနေသလို အစည်းအဝေး သဘောတူညီ ချက်များကို မေ ၆ ရက်နေ ့ အစည်းအဝေးအပြီးတွင် ထုတ်ပြန်သွားရန်ရှိသည်ဟု ညီလာခံတာဝန်ရှိသူများထံမှ သိရသည်။