Home သတင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်း‌ကျောင်းသားသမဂ္ဂဖွဲ့စည်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်း‌ကျောင်းသားသမဂ္ဂဖွဲ့စည်း

2096

ဧပြီ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီး၌ ပညာသင်ကြား‌နေ‌သော ချင်း‌ကျောင်းသားကိုယ်စားလှယ်များ စု‌ပေါင်း၍ ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဧပြီလ ၂၇ရက်မှ ၂၈ရက်‌နေ့အထိ ပထမဆုံးအကြိမ် ညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး (၁၅)ဦးပါဝင်‌သော မြန်မာ နိုင်ငံလုံးဆိုင်ရာချင်း‌ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့သည်။

နှစ်ရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် ချင်း‌ကျောင်းသား၊ ‌ကျောင်းသူများက ၎င်းတို့၏ အချင်းချင်းအကြား စည်းလုံး ညီညွှတ်‌ရေးနှင့် အပြန်အလှန် အ‌ထောက်အကူပြု‌ရေးအတွက် ‌ရှေးရှုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်း‌ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်‌ကြောင်း ဧပြီလ ၂၈ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းဖွဲ့စည်းလိုက်သည့် ချင်း‌ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ ဆလိုင်း ဟာလ်တူးထန်က “အဓိက က‌တော့ ချင်း‌ကျောင်းသားထု အတွင်း ချစ်ကြည်‌ရေးနဲ့ စည်းလုံးညီညွတ်‌စေရန်ရယ်၊ စကား၊ စာ‌ပေ၊ အနုပညာ၊ ယဉ်‌ကျေးမှုတို့ကို ကာကွယ်ရန်၊ ပညာ‌ရေးနဲ့ လူမှု‌ရေး အဆင့်အတန်းမြှင့်တင်ရန်အတွက် ဖွဲ့စည်းတာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ချင်း‌ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းနိုင်ခြင်းဖြင့် ချင်း‌ကျောင်းသားထုအတွင်း စည်းလုံးညီညွတ်မှုရရှိပြီး အချင်းချင်း ယိုင်းပင်းကူညီ မှုလုပ်ငန်းများ လုပ်‌ဆောင်ရင်းဖြင့် အမျိုးသား၏ ပညာ‌ရေး၊ ယဉ်‌ကျေးမှုနှင့် လူ‌နေမှုအဆင့်အတန်း မြင့်မားလာ‌ရေးတို့ကို ‌ဆောင် ရွက်နိုင်လိမ့်မည်ဟုယုံကြည်‌ကြောင်း ဆလိုင်းဟာလ်တူးထန်က ဆက်‌ပြောသည်။

ညီလာခံတွင် ချင်း‌ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခြင်းအပြင် မြန်မာနိုင်ငံအတွင်း တက္ကသိုလ်အသီးသီးရှိ ချင်း‌ကျောင်းသားများ အချင်းချင်း ချစ်ကြည်‌လေးစားမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာ‌စေ‌ရေး ကြိုးပမ်း‌ဆောင်ရွက်သွားရန်၊ ချင်း‌ကျောင်းသားများ ၏ ပညာ‌ရေးနှင့် လူမှု‌ရေးအဆင့်အတန်းအားမြှင့်တင်ပြီး ‌ကျောင်းသားထု၏ အခွင့်အ‌ရေးများ အပြည့်အဝရရှိရန် ‌ဆောင်ရွက် သွားရန် အပါအဝင် အချက် (၆)ချက်ကို ဆုံးဖြတ်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ချင်း‌ကျောင်းသားသမဂ္ဂဖွဲ့စည်းမှုအ‌ပေါ် ခိုနုထုန် ချင်းသတင်းဋ္ဌာနမှ Tui Dim (တွီဒင်း)က “တက္ကသိုလ်အသီးသီးမှာ ရှိ‌နေကြတဲ့ ချင်း‌ကျောင်းသား‌တွေ စုစုစည်းစည်းဖြစ်‌အောင် လုပ်တာက လုပ်ငန်း‌တွေ အ‌ကောင်အထည်‌ဖော်‌ဆောင်တဲ့‌နေရာမှာ ပိုပြီး‌တော့ တွင်ကျယ်လိမ့်မယ်လို့ ‌မျှော်လင့်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ‌ကျောင်းသား‌တွေ ‌တောင်းဆို‌နေကြတဲ့ အမျိုးသားပညာ‌ရေး ပြုပြင် ‌ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဘယ်လိုပူး‌ပေါင်းပါဝင်မလဲဆိုတာ follow up လုပ်‌စေချင်တယ်”ဟု ‌ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ချင်း‌ကျောင်းသားထုညီလာခံတွင် ပခုက္ကူ၊ စစ်‌တွေ၊ မုံရွာ၊ ရန်ကုန်၊ မန္တ‌လေး၊ မ‌ကွေးနှင့် က‌လေးစသည့် တက္က သိုလ်များမှ ‌ကျောင်းသားကိုယ်စားလှယ်‌ပေါင်း ၅ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်တချို့တွင် ပညာသင်ကြား‌နေ‌သော ချင်း‌ကျောင်းသားများသည် သက်ဆိုင်ရာ တက္ကသိုလ်များတွင် သမဂ္ဂဖွဲ့စည်းမှုများရှိခဲ့‌သော်လည်း ယခုကဲ့သို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ချင်း‌ကျောင်းသားသမဂ္ဂကို ပထမဦးဆုံးအကြိမ် ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။