ဧပြီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
ထိုင်းနိုင်ငံ၊ စမွတ်ဆခွန်ခရိုင်၊ မဟာချိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၃ဝဦးကို လိုက်လံပို့ဆောင်ပေးသည့် ကား တစ်စီးမှာ ယမန်နေ့ည ၈နာရီကျော်က တိမ်းမှောက်ခဲ့ရာ အမျိုးသား ၆ဦးနှင့် အမျိုးသမီး ၃ဦး ပွဲချင်းခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည့် သေဆုံးပြီး ၅ဦးမှာ စမွတ်ဆခွန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိသည်ဟု သိရသည်။
ကားတိမ်းမှောက်မှုတွင် ပါဝင်သည့် မြန်မာအလုပ်သမားများသည် မဟာချိုင်ရှိ ကင်းမွန်နှင့် ပုဇွန်အလုပ်ရုံများတွင် လုပ်ကိုင်ကြ ပြီး ၎င်းတို့အလုပ်မှ ပြန်အလာတွင် ထိုသို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေ သည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(Myanmar Assosiation in Thailand-MAT)၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုစောမောင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဒီဖြစ်စဉ်မှာ အဓိက ကတော့ ကားမောင်းသမားရဲ့ ပေါ့ဆမှုကြောင့်ဖြစ်တယ်။ ကားမောင်းသူက မြန်မာပြည်သားပဲလို့ သိရတယ်။ ကားမောင်းသမားများအနေနဲ့ အလားတူ ဖြစ်ရပ်မျိုးတွေမဖြစ်ဖို့ အထူးဂရုပြုစေချင်တယ်။ ဒီလိုဖြစ်ရပ်ကြောင့် အလုပ်သမားတွေအပေါ်မှာ မှီခိုနေရတဲ့ မိသားစုဝင်တွေအတွက် ကြီးမားတဲ့ နစ်နာမှုတစ်ခုဖြစ်သွားတာပေါ့”ဟု ပြောသည်။
ကားတိမ်းမှောက်မှုတွင် ပါဝင်သည့် မြန်မာအလုပ်သမားများသည် ကရင်၊ ဗမာနှင့် ထားဝယ် တိုင်းရင်းသားအများစု ပါဝင်ပြီး လက်ရှိ ဆေးရုံသို့ ဆေးကုသမှုခံယူနေရသည့် အလုပ်သမားအချို့မှာလည်း စိုးရိမ်နေရသည့် အနေအထားတွင် ရှိသည်ဟု သိရ သည်။
စမွတ်ဆခွန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည့် ဒဏ်ရာရ အလုပ်သမားလူငယ်တစ်ဦး၏ အဒေါ်တော်စပ်သူ ဒေါ်မျိုးသူ ဇာက “ကားမှောက်မှုမှာ ကျမတူလေးလည်း ပါတာပေါ့နော်။ အခု ဆေးရုံမှာ တင်ထားတာ အခြေအနေ မကောင်းဘူး။ ကျမပြော ချင်တာက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ မှန်မှန်ကန်ကန် ဆောင်ရွက်သွားစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လောလောဆယ်တွင် MAT မှ လူနာစာရင်းများပြုစုခြင်း၊ ထိခိုက်သေဆုံးသူများ၏ မိသားစုဝင်များအား လိုက်လံစုံစမ်းပေးခြင်းနှင့် အလုပ်သမားများအတွက် နစ်နာကြေးများကို သက်ဆိုင်ရာ အလုပ်သမားများ၏ တာဝန်ရှိသူများထံ တောင်းခံမှုများ ပြုလုပ်ပေး သွားမည်ဟု MAT က ဆိုသည်။
အဆိုပါတိမ်းမှောက်သွားသည့် ကားပေါ်တွင် မြန်မာအလုပ်သမား စုစုပေါင်း ၃ဝဦး စီးနင်းလိုက်ပါလာခြင်းဖြစ်ပြီး ကားတိမ်း မှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်းသူကို မဟာချိုင် ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားလျှက်ရှိသည်ဟု သိရသည်။



















