တိုင်းရင်းသား စာပေဖွံ့ဖြိုးရေးအတွက် ကိုယ်စွမ်းကိုယ်စဖြင့်သာ ဖော်ဆောင်ရမည်
ပြီးခဲ့သည့် မတ်လတွင် ဒီမိုကရေစီ ပညာရေးအတွက် တောင်းဆိုနေသည့် ကျောင်းသားများ၏ ပင်မ သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရခြင်း၊ ကိုးကန့်တပ်များနှင့် တိုက်ပွဲတွင် မြန်မာစစ်တပ်က ပစ်လိုက်သည့် ဗုံးဆံများ တရုတ်ပြည်ထဲ ကျရောက်ခဲ့မှု၊ တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို့ ၇ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်အတွက် တွေ့ဆုံ ဆွေးနွေးခဲ့မှုများက သတင်းစာမျက်နှာများတွင် ဦးစားပေး ဖော်ပြထားကြ သည်။ ၎င်းအကြောင်းအရာများမှာ မျက်မှောက် အခြေ အနေအရ အရေးကြီးသည့်နည်းတူ တိုင်းရင်းသားများအတွက် အရေးကြီးသတင်းတစ်ခုမှာ မတ်လဆန်းပိုင်းတွင် ၂၀၁၄- ၁၅ ပညာသင်နှစ်အတွက် အစိုးရကျောင်းများ၌ ကရင်၊ ကယား၊ မွန်၊ ချင်း၊ သျှမ်း တိုင်းရင်းသားစာပေ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား အစိုးရက လစာပြည့် တစ်လလျှင် ကျပ်သုံးသောင်းအစား လက်တွေ့တွင် ကျပ်တစ်သောင်းပင် ကိုယ်စီ မရရှိ ခဲ့ကြပေ။
အစိုးရအနေဖြင့် တိုင်းရင်းသားစာပေဖွံ့ဖြိုးရေးကို မကူညီ၊ မထောက်ပံ့လို။ ကြားကောင်းယုံသာ လုပ်ဆောင်လိုသည့် သဘော ပင်။ တိုင်းရင်းသားများအနေဖြင့် မိမိစာပေဖွံ့ဖြိုးရေးအတွက် အစိုးရကို အားကိုး၍မရ ကိုယ့်အစွမ်းအစဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်သွားရမည်ဖြစ်သည်။ အစိုးရ အခြေခံပညာသင်ကျောင်းများတွင် သူငယ်တန်းမှ ဒုတိယတန်းအထိ တိုင်းရင်းသား စာပေကို ကျောင်းချိန်ပြင်ပ၌ သင်ကြားခွင့်ပြုသည်ဟု ၂၀၁၂ခု၊ နှစ်လည်ပိုင်းတွင် ပြောဆိုခဲ့ပြီး သင်ကြားပေးသူများကို တစ်လ လျှင် ကျပ်သုံးသောင်းနှုန်း ထောက်ပံ့ပေးမည်ဟုပြောခဲ့သည့်အတိုင်း ၂၀၁၃-၁၄ ပညာသင်နှစ်အတွက်လည်း အစိုးရက ချီးမြှင့် ခဲ့သေးသည်။ ယခုနှစ်အတွက်မူ ဘတ်ဂျက်မလောက်၍ အပြည့်မပေးနိုင်ကြောင်း ပြောဆိုပြီး ဧပြီလမှစ၍ ဝန်ထမ်းလစာများ တိုးပေးမည်ဖြစ်ကြောင်း ပြောဆိုပြန်သည်မှာ အစိုးရ၏ ယုတ္တိမရှိသော စကားဖြစ်သည်။
လက်ရှိ အစိုးရအနေဖြင့် တိုင်းရင်းသားစာပေသင်ကြားခွင့်ကို လိုလားသည့်အနေဖြင့် သင်ကြားရေးအတွက် အခြေခံ လိုအပ် ချက်များဖြစ်သည့် ပုံနှိပ်စာအုပ်၊ သင်ရိုးညွန်းတမ်း၊ တိုင်းရင်းဘာသာသင် ဆရာဆရာမများ မွေးထုတ်ပေးသည့်သင်တန်း၊ တိုင်း ရင်းသားစာပေ သင်ယူလိုသူ ကျောင်းသူကျောင်းသားစာရင်းများကို ပြုစု၊ ထုတ်ပြန်မှုများ လုပ်ဆောင်ခဲ့ခြင်းမရှိ။ အလားတူ တနိုင်ငံလုံး အပစ်ရပ်စာချုပ် တိုင်းရင်းသားများနှင့် အစိုးရ လက်မှတ်ထိုးပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲများတွင်လည်း တိုင်းရင်း သားစာပေ လွတ်လပ်ခွင့်အတွက် ပါဝင်မှုရှိမရှိကို စောင့်ကြည့်ရဦးမည်ပင်။
လွတ်လပ်ရေး မရမီကတည်းက ကရင်တိုင်းရင်းသားများအနေဖြင့် စကောကရင်စာပေကို ဆယ်တန်းအထိ၊ ပိုးကရင် စာပေကို ခုနှစ်တန်းအထိ သင်ကြားခွင့်ရခဲ့ပြီး ထိုစဉ်က အစိုးရမဟုတ်သော ပုဂ္ဂလိကကျောင်းများ ပေါ်ထွက်ခဲ့သည်။ အကျိုးဆက်အဖြစ် အာရှတွင် ပညာရေးမြင့်မားသည့်နိုင်ငံ၊ ချမ်းသာသည့်နိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်နိုင်ခဲ့ သည်။ ကမ္ဘာတွင် နှစ်စဉ် ဘာသာ စကား ၃၀ကျော် ပျောက်ကွယ်သွားကြောင်း ကုလသမဂ္ဂ၊ ယူနီဆက်က ထောက်ပြ ထားသည်။ ထို့ကြောင့် လူမျိုးစုတိုင်းသည် မိမိစာပေစကားကို ထိန်းသိမ်းရန် တိုက်တွန်းလေ့ရှိခဲ့သည်။ တိုင်းရင်းသားများမှာ မိမိတို့၏ စာပေ၊ စကားများ ပျောက်သွားပါက လူမျိုးပါ ပျောက်ကွယ်သွားမည်ကို သဘောပေါက်ကြသည်။
အချုပ်အားဖြင့်ဆိုသော် တိုင်းရင်းသားဘာသာစကား ပညာသင်ကြားခွင့်ရရေးကို အမြင်ကျယ်ကျယ် ရှုမြင်ဆောင်ရွက်မည်ဆိုပါ က ဒေသဖွံ့ဖြိုးရေးကို စွမ်းဆောင်မည့် တိုင်းရင်းသားပညာတတ် အများအပြား ပေါ်ထွက်စေရေးအတွက် အခြေခံအချက်ပင် ဖြစ် သည်။ ထို့ကြောင့် တိုင်းရင်းသားစာပေ လွတ်လွတ်လပ်လပ် သင်ကြားနိုင်ရေးကို တိုင်းရင်းသားများအနေဖြင့် မိမိလူမျိုးအလိုက် မိသားစုတွင်းသော်လည်းကောင်း၊ လူမှုအသိုင်းအဝိုင်းအတွင်းသော်လည်းကောင်း စည်းလုံးညီညွှတ်စွာဖြင့် လက်ဆင့်ကမ်း သင် ကြားရင်း တိုင်းရင်းဘာသာသင်ကျောင်းများ၊ တက္ကသိုလ်များ ပေါ်ထွက်လာရေးအထိ ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းလိုက်ရပါ သည်။