Home ထိပ်တန်းသတင်း အမျိုးသားပညာ‌ရေးဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေကြမ်းကို ‌ကေအဲန်ယူ အပြည့်အဝ‌ထောက်ခံ

အမျိုးသားပညာ‌ရေးဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေကြမ်းကို ‌ကေအဲန်ယူ အပြည့်အဝ‌ထောက်ခံ

2072

မတ်လ ၅ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက မြန်မာနိုင်ငံ‌ကျောင်းသားအဖွဲ့ ၃ဖွဲ့ ပါဝင်သည့် ဒီမိုက‌ရေစီ ပညာ‌ရေးလှုပ်ရှားမှု ဦး‌ဆောင်‌ကော်မတီမှ မြန်မာအစိုးရထံသို့ ‌တောင်းဆိုထားသည့် “အမျိုးသားပညာ‌ရေး ဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေကြမ်း”ကို အပြည့်အဝ‌ထောက်ခံ‌ကြောင်း ယ‌နေ့ မတ်လ ၅ရက်‌နေ့စွဲဖြင့် ‌ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပညာ‌ရေးဥပ‌ဒေကြမ်းနှင့်ပတ်သက်၍ ‌ကျောင်းသားများ ‌တောင်းဆိုထားသည့် အချက်(၁၁)ချက်အနက် ဒီမိုက‌ရေစီ၏ စံချိန်စံနှုန်း နှင့် ညီမျှ‌နေခြင်း၊ တိုင်းရင်းသားတန်းတူ‌ရေးအ‌ပေါ် အ‌ခြေခံသည့် စာ‌ပေဆိုင်ရာ အခွင့်အ‌ရေးများ ပါရှိ‌နေခြင်းတို့‌ကြောင့် ယခုကဲ့ သို့ ‌ထောက်ခံရခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဖက်ဒရယ်စနစ်ကို ချီတက်မယ်ဆိုရင် တိုင်းရင်းသား‌တွေရဲ့ ဘာသာ၊ စာ‌ပေ၊ ယဉ်‌ကျေးမှု၊ သမိုင်း ဒါ‌တွေက အစ သင်ကြားခွင့်ရှိ ရမယ်။ ‌ကျောင်းသား‌တွေရဲ့ ‌တောင်းဆိုချက်‌တွေဟာ အဲဒီဘက်ကို ဦးတည်‌နေတာကို ‌တွေ့ရတယ်။ ပြီး‌တော့ ‌ကေအဲန်ယူ လှုပ် ရှား‌တောင်းဆို‌နေတဲ့ တိုင်းရင်းသားတန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပိုင်းမှာ ထပ်တူဖြစ်တဲ့အတွက် ‌ထောက်ခံရတာ ဖြစ်ပါ တယ်”ဟု ပဒိုမန်းမန်းမန်းက ဆိုသည်။

မတ်လ ၃ရက်‌နေ့မှစ၍ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ ‌အောင်‌မြေဗိမ္မာန်‌ကျောင်းတိုက်မှ ရန်ကုန်မြို့သို့ ငြိမ်းချမ်းစွာ စတင်ချီတက်‌သော ‌ကျောင်းသားများ၏ ဒီမိုက‌ရေစီပညာ‌ရေး ပင်မသပိတ်စစ်‌ကြောင်းအား အစိုးရလုံခြုံ‌ရေးတပ်ဖွဲ့ များ၏ အင်အားသုံးတားဆီး‌နေမှုများ၊ အကြမ်းဖက် နှိမ်နင်းနိုင်သည့် အ‌ခြေအ‌နေများ ‌တွေ့မြင်ရသဖြင့် စိုးရိမ်‌ကြောင်းလည်း ‌ကေအဲန်ယူက ဆိုသည်။

ထို့အပြင် ဒီမိုက‌ရေစီပညာ‌ရေးသပိတ်စစ်‌ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခြင်းများ မပြုလုပ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှို်င်း‌ဆောင် ရွက်‌ပေးရန် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအား တိုက်တွန်း‌ကြောင်း ‌ကေအဲန်ယူ၏ ထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော် ပြထားသည်။

‌ကေအဲန်ယူ၏ ထုတ်ပြန်‌ကြေညာချက်အ‌ပေါ် ကရင်ပြည်နယ် ဖားအံမြို့ အ‌ခြေစိုက် ၈၈မျိုးဆက် ကရင်‌ကျောင်းသားများအစည်း အရုံး ဥက္ကဋ္ဌ ‌စော‌မောင်ကြီးက “‌ကေအဲန်ယူက ‌ကျောင်းသားလူငယ်‌တွေ ‌တောင်းဆိုထားတဲ့ အမျိုးသားပညာ‌ရေးဥပ‌ဒေကို ပြင် ဆင်တဲ့ ဥပ‌ဒေကြမ်းကို ‌ထောက်ခံတာ အားတစ်ခုဖြစ်တယ်။ ဒါကို ကျ‌နော်တို့ ဝမ်းသာတယ်။ ဂုဏ်ယူတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ကျောင်းသားများ‌တောင်းဆိုထားသည့် အမျိုးသားပညာ‌ရေးဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေမူကြမ်း ကြားနာ‌ဆွေး‌နွေးပွဲ တစ်ရပ်ကို ယ‌နေ့ ‌နေပြည်‌တော် အမျိုးသားလွှတ်‌တော်ခမ်းမ၌ အမျိုးသားလွှတ်‌တော် ဥပ‌ဒေကြမ်း ‌ကော်မတီနှင့် သပိတ်‌မှောက် ‌ကျောင်းသားကိုယ်စားလှယ် ၉ဦးအဖွဲ့တို့ ‌တွေ့ဆုံခဲ့‌သော်လည်း လက်ပံတန်းတွင် ပင်မသပိတ်အား ပိတ်ဆို့ထားမှု‌ကြောင့် လူမစုံ ဟုဆိုကာ ‌ကျောင်းသားကိုယ်စားလှယ်များက ‌ဆွေး‌နွေးပွဲသို့ ‌ရောက်ရှိပြီး‌နောက် ပြန်လည်ထွက်ခွာသွားခဲ့‌ကြောင်း သိရသည်။

ဒီမိုက‌ရေစီပညာ‌ရေးလှုပ်ရှားမှု ဦး‌ဆောင်‌ကော်မတီသည် အမျိုးသားပညာ‌ရေးဥပ‌ဒေကို ပြင်ဆင်သည့် ဥပ‌ဒေကြမ်းအတွက် ‌တောင်းဆိုချက် ၁၁ချက်ကို ထုတ်ပြန်နိုင်ရန် ‌ကျောင်းသားအများစု၏ သ‌ဘောတူညီချက်နှင့်အညီ ပညာ‌ရေးစနစ် ပြုပြင်‌ပြောင်း လဲ‌ရေးဆိုင်ရာ နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)၏ မူဝါဒကို အ‌ခြေခံ၍ ဇန်နဝါရီ ၁၅ရက်‌နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်(‌မြေလတ်‌ဒေသ)နှင့် တက္ကသိုလ်‌ကျောင်းသားသမဂ္ဂများ(တကသ)မှ ‌ကျောင်းသားကိုယ်စားလှယ်များ စု‌ပေါင်း၍ ဒီမိုက‌ရေစီပညာ‌ရေးလှုပ်ရှားမှု ဦး‌ဆောင်‌ကော်မတီကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည်။