နော်ဖောဝေမူး ၂၂နှစ်
ဝါသနာ ကျောင်းဆရာမ
ပညာ ဗစ်တိုးရီးယားတက္ကသိုလ်(ကနေဒါနိုင်ငံ)၊ ဒုတိယနှစ်
ကျမမွေးရပ်ဇာတိက ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဝါးကလိကျေးရွာမှာဖြစ်တယ်။ မွေးချင်းမောင်နှမ ၆ယောက် ရှိပြီး ကျမက ၅ယောက်မြောက်သမီးဖြစ်တယ်။ မိဘတွေကတော့ မိသားစုနဲ့ နို့ဖိုးဒုက္ခသည်စခန်းမှာပဲ နေပါတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့အတွက် ရွာမှာတိုက်ပွဲတွေ မကြာခဏဖြစ်တော့ နေလို့မရတော့လို့ စစ်ပြေး ဒုက္ခသည်အဖြစ်နဲ့ နို့ဖိုးဒုက္ခသည်စခန်းကို ၁၉၉၇ မှာ ရောက်လာပါတယ်။ ကျမ စခန်းထဲမှာရောက်တဲ့အချိန်က ကျမအသက် ၄နှစ်ပဲ ရှိသေးတယ်။ ရွာမှာနေတုန်းက ဘယ်လိုအခက်အခဲတွေ ဖြတ်သန်းရသလဲတော့ မမှတ်မိ တော့ဘူး။ နို့ဖိုးစခန်းမှာပဲနေတယ်၊ အဲမှာပဲ ကြီးပြင်းလာပါတယ်။
မြန်မာပြည်မှာတော့ ကျောင်းမနေဖူးပါဘူး။ သူငယ်တန်းကနေ ၁ဝတန်းအထိ နို့ဖိုးစခန်းမှာပဲ ကျောင်းတက်ရ တယ်။ ၁ဝ တန်းကိုတော့ နို့ဖိုးစခန်း အထက ၁ ကျောင်းမှာ ကျောင်းပြီးတယ်။ ၁ဝ တန်းအောင်ပြီး နို့ဖိုးစခန်းမှာ အထက်တန်းလွန်ကျောင်းဖြစ်တဲ့ IHE ကို ၂နှစ် တက်တယ်။ အဲဒီကနေတဆင့် အဂင်္လိပ်စကားအခြေခံတွေ ပိုရလာ တယ်။ နောက်မှ မဲဆောက် မင်းမဟော်ကျောင်းမှာ ၁နှစ် ပြန်တက်တယ်။ ကျောင်းပြီးတော့ ကနေဒါနိုင်ငံ World University Service Of Canada (WUSC) Students Refugee Program (SRP)မှာ Scholarship ရဖို့ ဝင်ဖြေ နိုင်ခဲ့တယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်နိုင်ဖို့လည်း မမျှော်မှန်းထားပါဘူး။ ဒါပေမဲ့ မင်းမဟော် ကျောင်းတက်တော့ Scholarship(ပညာတော်သင်)ရနိုင်ဖိုု့ ဘယ်လိုပုံစံတွေ တင်ရမလဲ။ ဆရာမ တွေ သင်ပေးတယ်၊ ကျင့်ပေးတယ်။ အွန်လိုင်း ပေါ်ကနေတဆင့် ဖြေဖြစ်တယ်။ တဆင့်ပြီးတဆင့် ဖြေတော့ အောင်မြင်သွားခဲ့ပါတယ်။
နိုင်ငံခြားမှာ ကျောင်းတက်တာ ကိုယ်က ဒုက္ခသည်ကနေတဆင့်လာပေမဲ့လည်း ခွဲခြားဆက်ဆံခြင်းတော့ မခံရ ပါဘူး။ တန်းတူအခွင့်အရေးတွေ ပေးတယ်။ ကိုယ့်မှာလည်း သူများနဲ့မီအောင် စာကို အစွမ်းကုန်ကြိုးစားတယ်။ ကနေဒါနိုင်ငံမှာ ကျောင်းလာတက်တာ ၂၀၁၃ခုနှစ်တုန်းက တက်လာတယ်။ သူတို့က Scholarship ၁နှစ်ပဲ ထောက်ပံ့ပေးတယ်။ နှစ်ကုန်သွားတော့ အခုဆို အလုပ် တစ်ဖက်ပြန်လုပ်ရတယ်။ အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ လုပ်ရတာက ကောင်းပါတယ်။ ဒီမှာကလူတိုင်းက အလုပ်လုပ်ရတာပဲ အလုပ်လုပ်တော့ အတွေ့အကြုံတွေ ပိုရများလာပါတယ်။
ကျမရည်မှန်းထားတာတော့ တနေ့ကျရင် ပညာမတတ်တဲ့ ကျမတို့ကရင်ဒေသက ကလေးတွေကို စာပြန်သင် ပေးချင်တယ်။ အထူးသဖြင့် ကျောင်းမထားနိုင်တဲ့ ကလေးတွေ၊ ဥပမာ IDP ဒုက္ခသည်ကလေးတွေ ပညာသင်ကြားပေးချင်တယ်။
နောက်ပြီး အခုဒုက္ခသည်စခန်းမှာနေထိုင်တဲ့ မျိုးဆက်သစ်ကရင်လူငယ်တွေ အပြင်အတွေ့အကြုံတွေ သိပ်မရှိပါဘူး။ သူတို့တွေ ရသမျှပညာရေးကို ကြိုးစားစေချင်တယ်။ ကြိုးစားရင် အချိန်တန်တော့ သူတို့ ထွက်ပေါက်ကို ရှာတွေ့မှာပဲလို့လည်း ပြောချင်ပါတယ်။ ကျမတို့တုန်းကလည်း အဲလိုပဲ ကြိုးစားခဲ့ရတယ်။ ဒါကြောင့် ဘယ်လောက်အခက်အခဲတွေ ကြုံတွေ့နေရပါစေ။ ငယ်ရွယ်စဉ်မှာ အချိန်ရှိတုန်း ပညာကို သင်ယူပါ စာကြိုးစားကြပါ။
ပြီးတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူမျိုးတွေ၊ ကိုယ်က ဘယ်နိုင်ငံဘယ်နေရာပဲရောက်ရောက် ကရင် လူမျိုးဆိုတာကိုတော့ အမြဲတမ်းသတိရ သိစေချင်တယ်။ ကိုယ့်ကရင်လူမျိုးရဲ့ဂုဏ် ယဉ်ကျေးမှု ဘာသာ စကားကို မမေ့ပါနဲ့။ အမြဲတမ်းပဲ ဆောင်ထားရမယ်။ ကရင်လူမျိုးအချင်းချင်းကြားမှာလည်း အထင်မြင်တွေ မလွဲမှားစေချင်ဘူး။ နားလည်မှုရှိရှိနဲ့ နေရအောင်လို့ လူငယ်တစ်ယောက်အနေနဲ့ တိုက်တွန်းချင်ပါတယ်။