(မောင်ကျော်စွာ)
(၂၀၁၄ခုနှစ်၊ ဇွန်လ ၈ရက်)
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းသည် အောက်မှာ ဖော်ပြထားတဲ့စကားကို “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲ/ အတည်ပြုခဲ့စဉ်က လုပ်ရပ်များ၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ကို လက်တွေ့ကျင့်သုံးတဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံများထဲ မှ ခြစ်ချုပ်ကော်ထုတ်၍ ဝန်ခံပြောတာပဲ ဖြစ်ပါလိမ့်မယ်။
“ဥပဒေပညာရပ်သည် လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ်ဖြစ်ပြီး မတတ်လျှင် အညာခံရ၊ အလှည့်စားခံရမည်ဖြစ်ပါ ကြောင်း၊ ဥပဒေမတတ်လျှင် မှန်သည်ထင်သော အမှားများ ပြုလုပ်မိပြီး မှားသည်ထင်သော အမှန်များကိုလည်း မျက်ကွယ်ပြု၊ လျစ်လျူပြုခြင်းများ ဖြစ်နိုင်ကြောင်း”
(နအဖ)စစ်အစိုးရသည် “၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး/အတည်ပြုရေး” လုပ်ဆောင်ခဲ့ရာတွင် ဥပဒေပညာ မသိသော၊ မတတ်သော ကျနော်တို့ ပြည်သူများအား လိမ်ညာလှည့်စားယုံမျှမက အတင်းအဓမ္မပင် ထောက်ခံအတည်ပြုစေခဲ့ပါတယ်။
လက်ရှိ (နဝတ-နအဖ)စစ်အစိုးရရဲ့ အာဏာအမွေစား၊ အမွေခံ ကြံ့ဖွံ့ပါတီနဲ့ ကြံ့ဖွံ့အစိုးရသည် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီသော၊ ရှေ့နောက်မညီသော၊ မှားယွင်းနေသော “၂၀၀၈ အခြေခံဥပဒေပ ပြဋ္ဌာန်းချက်များ”ကို အမှန်ဟုထင်နေပြီး “၂၀၀၈အခြေခံ ဥပ ဒေအသစ်ရေးဆွဲရန် (သို့မဟုတ်) ပြင်ဆင်ရန် တောင်းဆိုနေတဲ့ ပကတိဖြစ်ရပ်မှန်များ”အား မျက်ကွယ်ပြုနေပါတယ်။ လျစ်လျူပြု နေပါတယ်။ ထို့အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုကိုလည်း နည်းလမ်းမျိုးစုံသုံးပြီး ကပျက်ယပျက် လုပ်နေပါတယ်။
မာရှယ်လောဖြင့် နှစ်ပေါင်း ၂၀ကျော် ဖိနှိပ်အုပ်စိုးခဲ့သော (နဝတ-နအဖ)စစ်အစိုးရရဲ့ အာဏာမွေစားအမွေခံ ကြံ့ဖွံ့ပါတီနှင့် ကြံ့ဖွံ့ အစိုးရသည် ၎င်းတို့စိတ်ကြိုက် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီးသောအခါ ဥပဒေစကားကို ဖောင်နေအောင်ပြော နေပါတယ်။ “ဥပဒေစိုးမိုးမှု (Rule of Law) အတွက် ဥပဒေ၏ အဆုံးအဖြတ် (Supremacy of Law) အလေးထား ဆောင်ရွက်ရ မည့်အချိန်ရောက်ပြီ” စသဖြင့် …
သူတို့အတွက် သူတို့ကိုယ်တိုင် ပါဝင်ပြီး သူတို့စိတ်ကြိုက် ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်းထားတဲ့ “အခြေခံဥပဒေ/တည်ဆဲဥပဒေ” တွေဟာ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ဖိနှိပ်ရေး၊ ချုပ်ချယ်ရေး၊ တားမြစ်ပိတ်ပင်ကန့်သတ်ရေး၊ ဖမ်းဆီးထောင်ချပစ်နိုင်ရေး အတွက်သာ အဓိက ရည်ရွယ်ထားပါတယ်။ ယင်းရည်ရွယ်ချက် ပေါက်မြောက်ထင်ရှားစေရန် သူတို့၏ “ဒီမိုကရေစီ”ကိုပင် “စည်း ကမ်းပြည့်ဝသော” ဆိုတဲ့စကားစုနဲ့ ဝိဂြိုလ်ပြုထားပါတယ်။
“အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများ”ကို ဖိနှိပ်၊ ကန့်သတ်၊ အကြပ်ကိုင်ရေးတွင် လက်တွေ့ အသုံးချနေမှုများထဲမှ ထင်ရှားတဲ့ သာဓကအချို့ကို ကောက်နုတ်ဖော်ပြပါရစေ –
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအား လက်နက်ချ အညံ့ခံလာစေရန်အတွက် အကြပ်ကိုင်နေသည့် ကာချုပ်၏ မူဝါဒ ၆ရပ်ထဲတွင် “နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်” “ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမို ကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုကို လိုက်ပါဆောင်ရွက်ရန်” ဆို တဲ့အချက် ၂ချက်ဟာ အဓိကအချက်အဖြစ် ပါဝင်နေပါတယ်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီဝင် ကျိုင်းတုံမြို့၊ ပိန်းတောဝ့်ကျေးရွာအုပ်စု နမ့်လင်းမိုင် (SNLD)ရုံးခွဲ ဉက္ကဌ၊ အင်မျိုးနွယ်စုခေါင်းဆောင် စိုင်းအိုက်ဂျဲန်(စိုင်းဂျိမ်း)အား မတရားသင်းဆက်သွယ်မှု “ပုဒ်မ ၁၇(၁)”ဖြင့် ဖမ်းချုပ်ခဲ့ပါ တယ်။
ဆန္ဒပြကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူများအား “ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၃၊ ၂၉၄၊ ၁၁၄” စတဲ့ ဥပဒေပုဒ်မများနဲ့ ဖိနှိပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေပါတယ်။
နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ “ပုဒ်မ ၁ဝ (ဋ္ဌ)၊ ပုဒ်မ ၂၄ (က)” စတဲ့ ပုဒ်မတွေနဲ့ ဖိအားပေး၊ အကြပ်ကိုင် ခြိမ်းခြောက်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများတွင် “၂၀၀၈အခြေခံဥပဒေ”ရဲ့ ဒီမိုကရေစီစံနှုန်းစံထားနဲ့ မကိုက်ညီသော၊ တန်းတူညီမျှမှုမရှိသော၊ အဖွဲ့အစည်းတစ်ခု (တပ်မတော်)ကို အထူးအခွင့်အရေးပေးထားသော၊ အင်မတန်မှ သိက္ခာမဲ့သော၊ သာမန်အရပ်သားပြည်သူများနဲ့ တပ်မတော်သားများအကြား ခွဲခြားထားသော … စတဲ့ အတွင်းသရုပ်မှန်ကို ပွင့်လင်းရဲရင့်စွာ ဖော်ထုတ်ဖွင့်ချ ဝေဖန်နေတယ်။
ဒါ့အပြင် “၂၀၀၈အခြေခံဥပဒေ”အပေါ် ယခုလို ပြတ်သားစွာ အကဲဖြတ်ချက် ပေးထားပါသေးတယ်။ “ကျမတို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာဆိုရင် တန်းတူညီမျှမှုမရှိတဲ့ ပုဒ်မတွေ အများကြီး ပါဝင်နေပါတယ်။ ဒီလို တန်းတူညီမျှမှု မရှိသရွေ့တော့ ကျမတို့နိုင်ငံ ဟာ ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး”တဲ့။
အလေးအနက် သဘောတူပါတယ်။ “၂၀၀၈ အခြေခံဥပဒေ” နဲ့ အခြားသော မတရားတဲ့ “တည်ဆဲဥပဒေ”များ တည်မြဲ အသက် ဝင်နေသမျှ ကာလပတ်လုံး၊ အရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး၊ စစ်မှန်သောဒီမိုကရေစီရေးနဲ့ စစ်မှန်သောပြည်ထောင်စု ပေါ်ပေါက်ရေးမှာ မည်သို့မျှ ပေါ်ပေါက်လာနိုင်စရာမရှိပါ။
“၂၀၀၈ အခြေခံဥပဒေ” နဲ့ အခြားသောမတရားတဲ့ “တည်ဆဲဥပဒေ”များ ဆန့်ကျင်ပယ်ဖျက်ရေးသည် လူမျိုးပေါင်းစုံပြည်သူများ ၏ လက်ငင်းဦးတည်ချက်နဲ့ ယနေ့ကာလ၏ အဓိကလုပ်ငန်းတာဝန်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ရည်ညွန်း
– ၂၀၁၄ခုနှစ်၊ ဇွန်လ ၈ရက်၊ မြန်မာ့အလင်းသတင်းစာ
– “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက်များ



















