မတ် ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
မတ်လ ၁၄ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့တွင် အရပ် ဘက် လူမှုအဖွဲ့အစည်းနှင့် ဒေသခံများ စုပေါင်းပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ် တဖက်ကမ်းရှိ ကော့မုပွန်သောင်ပြင် တွင် သံလွင်ရေကာတာ စီမံကိန်းအား ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်သွားမည့် ရေကာတာများသည် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ပျက်စီးပြိုကျပါက ရေကာတာအောက်ပိုင်းရှိ နေထိုင်ကြသော ဒေသခံလူသန်းပေါင်းများစွာ ဒုက္ခရောက်မည် ဖြစ်သလို ထိခိုက်နစ်နာမှုများအတွက် သက်ဆိုင်ရာအသီးသီးမှတဆင့် လူထုများကြုံတွေ့ခံစားရနိုင်မည့် အရာများကို သိရှိရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ရ ခြင်းဖြစ်သည်ဟု ရှမ်းသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင်က ပြောသည်။
“နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒေသခံတွေ ထိခိုက်နစ်နာမှု မရှိစေဖို့ လျှပ်စစ်စွမ်းအင် လိုအပ်ချက်တွေကို အခြားနည်းမှန် လမ်းမှန်များကို ရှာဖွေဖို့ လိုတယ်လို့ ကျနော်တို့ယူဆတယ်။ ဒါကြောင့် ဒီရေကာတာစီမံကိန်းကို ဆက်မလုပ်ဖို့ ကျနော်တို့ ဆန္ဒ ထုတ်ဖော်တာပါ”ဟု စိုင်းခေးဆိုင်က ကေအိုင်စီသို့ ပြောသည်။
ကော့မုပွန်သောင်ပြင်တွင် ပြုလုပ်သည့် ရေကာတာ ဆန့်ကျင်ရေးထုတ်ဖော်ဆန္ဒပြပွဲတွင် အရပ်ဖက်လူမှုအဖွဲ့ ၁၆ဖွဲ့နှင့် ဒေသခံ လူထုပေါင်း ၁၅ဝခန့် တက်ရောက်ပြီး ရေကာတာ ဆန့်ကျင်ရေးဆိုင်ရာ စာတမ်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ် စက်မှုနှင့် လျှပ်စစ်ဝန်ကြီး စောကြည်လင်းက မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်း အင် အလုံအလောက်ရရှိရန်အတွက် အခြားနည်းလမ်းများကို ရှာဖွေပြီး လူထုများ နစ်နာထိခိုက်မှုများ မဖြစ်ပေါ်နိုင်သည့် သဘာ ဝဓါတ်ငွေ့ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်နိုင်ရန် နိုင်ငံတော်အစိုးရဘက်မှ စဉ်းစားထားမှုများရှိကြောင်း ကေအိုင်စီသို့ ပြောသည်။
စောကြည်လင်းက “ကရင်ပြည်နယ်က ဟတ်ကြီးရေကာတာကိုတော့ ၂၀၀၈ ကတည်းက ရပ်ထားတာကြာပြီ။ ဒီအစိုးရလက် ထက်မှာတော့ ဆက်လုပ်သွားဖို့တော့ မရှိဘူး။ နိုင်ငံတော်တိုးတက်ဖို့ လျှပ်စစ်စွမ်းအင်က အရေးကြီးဆုံးပဲ။ ဒါပေမယ့် ရေအားသုံး လျှပ်စစ်ထုတ်တာက အန္တရာယ်လည်းများတယ်။ ဒေသခံလူထုအတွက်လည်း ထိခိုက်နစ်နာမှုရှိတယ်။ ဒါကြောင့် အခုနောက်ပိုင်း မှာတော့ နိုင်ငံတော်က သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ကို ထုတ်လုပ်ဖို့တော့ စဉ်းစားလာတယ်”ဟု ပြောသည်။
လက်ရှိ ၎င်းသံလွင်မြစ်ပေါ်တွင် ဆောက်လုပ်မည့် ရေကာတာစီမံကိန်းများမှာ ရှမ်းပြည်နယ်တွင် ကွမ်းလုံ၊ နောင်ဖ၊ တာဆန်း၊ ကရင်နီပြည်နယ်တွင် ရွာသစ်နှင့် ကရင်ပြည်နယ်တွင် ဝဲကြီး၊ ဟတ်ကြီး စသည့်ရေကာတာများဖြစ်ကြပြီး ယင်းရေကာတာငါးခုက ထုတ်လုပ်နိုင်မည့် လျှပ်စစ်စွမ်းအင် စုစုပေါင်းမှာ ၁၅,၀၀ဝ မီဂါဝပ် ရရှိမည် ဖြစ်သည်။
ထိုရေကာတာစီမံကိန်းသည် ထိုင်းနှင့် တရုတ်နိုင်ငံများအတွက် အကျိုးအမြတ် အများဆုံး ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက်မူ အကျိုးဖြစ်ထွန်းမှု အနည်းငယ်သာရှိသည်ဟု သဘာဝပတ်ဝန်းကျင်လေ့လာသူများက ပြောဆိုနေကြသည်။



















