မတ် ၁၆ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ ဦးစီးပြီး မတ်လ ၁၅ရက်နေ့၌ ကျရောက်သည့် ၆၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ကရင်ပြည်နယ်အတွင်း ၃၄ကြိမ်မြောက်အဖြစ် ဖားအံမြို့နယ်၊ သာမညဒေသရှိ ရွှေကဲကျေးရွာတွင် အခမ်းအနားပြုလုပ်ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ပြည်နယ်ပအိုဝ့် တိုင်းရင်းသားရေးရာဝန်ကြီး ခွန်သန်းမြင့် ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း၊ ပြည်နယ်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူများ၊ ဒေသခံ ပအိုဝ်းတိုင်းရင်းသားအပါအဝင် ဧည့်ပရိဿတ် ၂၀၀ဝ ထောင်ကျော် တက်ရောက်ခဲ့ကြသည်။
“အခုက ၆၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ကရင်ပြည်နယ်မှာ ကျင်းပနိုင်ခဲ့တာ ၃၄ ကြိ်မ်မြောက် ဖြစ်သွား ပြီ။ အခုလို ကျင်းပနိုင်တဲ့အတွက် ကိုယ့်အမျိုးသားအချင်းချင်းရော၊ တခြားတိုင်းရင်းသားတွေနဲ့ပါ စည်းလုံး ညီညွတ်မှုကို ဖြစ်စေပါတယ်။ နောက်ပြီး ရွှေကဲရွာမှာ ကျင်းပတော့ တခြားလာတဲ့သူတွေ ဒီက ကိုယ့်လူမျိုး အခြေအနေကို ပိုသိပြီး ရင်းနှီးမှုပိုဖြစ်စေပါတယ်” ဟု ပအိုဝ်း တိုင်းရင်းသားရေးရာဝန်ကြီး ခွန်သန်းမြင့်က ကေအိုင်စီသို့ ပြောဆိုသည်။
ထို့အပြင် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို သာမညဒေသရှိ ပအိုဝ်းအမျိုးသားကွင်း၌လည်း ပြည်နယ်ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကျင်းပကာ ယင်းအခမ်းအနားသို့ တောင်ကြီးမြို့အခြစိုက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ခွန်တင်ထွဋ်နှင့် အဖွဲ့ဝင် ၃၀ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခွန်တင်ထွဋ်က “ဒီနေ့ ကျရောက်တဲ့ ကျနော်တို့ အမျိုးသားနေ့မှာ ပြောချင်တာကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားတွေအားလုံး တန်းတူအခွင့်အရေးရရှိပါစေလို့။ တန်းတူအခွင့်အရေးရရှိရင် ပိုမိုပြီးတော့ တိုင်းပြည် အေးချမ်းသာယာမယ်လို့ ကျနော်တို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ပြောသည်။
တဆက်တည်းမှာပင် ပအိုဝ်းအမျိုးသားကွင်း၌ ကျင်းပသည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတွင် ပအိုဝ်း အမျိုးသားနေ့ ဖြစ်မြောက်ရေးအဖွဲ့နာယကမှ ပေးပို့လာသည့် အမျိုးသားနေ့သဝဏ်လွှာကို ခွန်တင်ထွဋ်က ပအိုဝ်းဘာသာစကားဖြင့် ဖတ်ကြားခဲ့သည်။
ရှေးယခင်က ပအိုဝ်းဘုရင် သူရိယစန္ဒာဘုရင်မင်းမြတ်ရဲ့ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို အစွဲပြု၍ မတ်လ ၁၅ရက်နေ့ကို ပအိုဝ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုနေ့ကျရောက်တိုင်း ပအိုဝ်းလူမျိုးများက အလှူအတန်းပြုပွဲများကိုပါ ပူးတွဲကျင်းပလေ့ရှိကြောင်း သိရသည်။
ပအိုဝ်းလူမျိုးများသည် သျှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် အများဆုံးနေထိုင်ကာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်း၌လည်း အခြေချနေထိုင်လျှက်ရှိကြသည်။



















