မတ်လ ၅ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
လူငယ်များဦးဆောင်သည့် ဖြူစင်မေတ္တာစေတနာ သွေးလှူရှင်အဖွဲ့က ၎င်းတို့အဖွဲ့ဝင်များ တွေ့ဆုံရန်နှင့် စည်းလုံး ညီညွတ်မှုရရှိဖို့ရန် တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို မတ်လ ၃ ရက်နေ့၌ ဖားအံမြို့၊ သုမေဓာ ရာမတောရကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။
ယင်းအဖွဲ့ခေါင်းဆောင် ကိုသန်းထွန်းအောင်က “အခုလို သွေးလှူရှင်အဖွဲ့ ထူထောင်တာကတော့ လူနာတွေကို သနားစိတ်၊ ညှာတာစိတ် ပြီးတော့ သူတို့တွေ တွေ့ကြုံရတဲ့ ဒုက္ခတွေကို တစ်ဖက်တစ်လှမ်းကနေ ကူညီနိုင်တဲ့ စေတနာတွေနဲ့ပေါ့နော်၊ ပြီးတော့ ကျနော်တို့အဖွဲ့က လူငယ်တွေထူထောင်ထားတဲ့ အဖွဲ့လည်းဖြစ်တဲ့အတွက် အချင်းချင်းတွေ့ဆုံပေးဖို့ အခုလို နှစ်ပတ်လည်တွေ့ဆုံပွဲလုပ်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအခမ်းအနားတွင် ပြည်နယ်ကျန်းမာရေးဌာနမှ ဒေါက်တာနိုင်နိုင်ထွန်း၊ ဖားအံတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာသန်းထွန်း၊ ဖားအံပညာရေးကောလိပ် လက်ထောက်ကထိက ဆရာဦးငွေသန်းတို့အပါအဝင် နည်း ပညာတက္ကသိုလ်၊ ဖားအံတက္ကသိုလ်နှင့် ဖားအံပညာရေးကော့လိပ်တို့မှ ကျောင်းသူကျောင်းသားများ၊ ရပ်မိရပ်ဖ စုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
ဖြူစင်မေတ္တာစေတနာ သွေးလှူရှင်အဖွဲ့သည် ကိုယ်ထူကိုယ်ထ တက္ကသိုလ်လူငယ်များနှင့် ပူပေါင်းတည် ထောင်ထားသည့် အဖွဲ့ဖြစ်သည်နှင့်အမျှ အဖွဲ့ဖြစ်မြာက်ပြီး တစ်နှစ်တာအတွင်း လူနားများအတွက် သွေးပုလင်း ပေါင်း ၇၀ဝ ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း ၎င်းသွေးလှူရှင်အဖွဲ့၏ အလုပ်မှုဆောင် ဦးညွှန့်ရီက ကေအိုင်စီသို့ ပြောဆိုသည်။
“ကျနော်တို့က တစ်နှစ်ပြည့်သွားပြီးဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေကလည်း လှူဒါန်းထားတဲ့ သွေးတွေကို အသိ အမှတ်ပေးတဲ့သဘောနဲ့ သူတို့လည်း ကျေနပ်ဝမ်းသာမှုရအောင်၊ အထိမ်းအမှတ်ဖြစ်အောင်လို့ပါ။ ပြီးတော့ တက္ကသိုလ် သုံးခုက သုံးပွင့်ဆိုင်ကျောင်းသားလူငယ်တွေကလည်း အခုလို လုပ်ပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာပါတယ်”ဟု ဦးညွှန့်ရီက ဆိုသည်။
ဖြူစင်မေတ္တာစေတနာ သွေးလှူရှင်အဖွဲ့ကို ဖားအံဒေသရှိ ပြည်သူလူထုများ၏ ကျန်းမာရေးဆိုင်ရာကိစ္စများ အဓိက ကူညီရန်နှင့် လူမှုရေးလုပ်ငန်းများကို တိတိကျကျလုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၁၃ခုနှစ်၊ မတ်လ ၄ရက်နေ့၌ ဖားအံမြို့တွင် ဖွဲ့စည်းခဲ့သည်။



















