မတ် ၃ဝရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက ၎င်းတို့၏ ဆက်ဆံရေးရုံးတစ်ရုံးကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်-၅ ရပ်ကွက်၊ အောင်ဇေယျလမ်း၌ မတ်လ ၃ဝ ရက်နေ့(ယနေ့)တွင် ဖွင့်လှစ်လိုက်သည်။
နိုုင်ငံအကျိုး၊ ဒေသခံပြည်သူများ၏ အကျိုးကို ငြိမ်းချမ်းသောနည်းဖြင့် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ရာ တွင် လက်တွဲလုပ်ဆောင်နိုင်ရန်ုအတွက် ရည်ရွယ်ပြီး ယခုလို ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ၈၈မျိုးဆက် ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုဇော်မင်းက ကေအိုင်စီသို့ ပြောသည်။
“ဒီရုံးခန်းလေးတွေကို ကျနော်တို့ ဖွင့်တဲ့အခါမှာ ကျနော်တို့ ဦးဆောင်ပြီး ဖွင့်တာ မဟုတ်ပါဘူး။ ဒေသခံတွေ ကနေပြီးတော့ ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်အလုပ်ကိုယ်လုပ် ပုံစံမျိုးနဲ့ လုပ်တဲ့အခါမှာ ကျနော်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ဖြစ်တယ်” ဟု ပြောသည်။
ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ရန်ကုန် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးချုပ်မှ ကိုဇော်မင်း၊ စမ်းချောင်း ကိုကိုကြီး၊ ကိုထွန်းထွန်း အပါအဝင် မြဝတီ၊ ကော့ကရိတ်၊ ဖားအံတို့မှ ၈၈မျိူးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(ဒီကေဘီအေ)မှ ဗိုလ်မှူးစောလုံ့လုံ၊ ဗိုလ်မှူးကြီး စောဆန်းအောင်၊ သထုံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ကိုဖုန်းကို၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်အချို့နှင့် ဒေသခံများ စုစုပေါင်း ၉ဝဦးခန့် တက်ရောက် ကြကြောင်း သိရသည်။
လက်ရှိ ယနေ့ဖွင့်လှစ်လိုက်သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ကော့ကရိတ်မြို့ ၈၈ မျိုးဆက် ဆက်ဆံရေးရုံးကို ဦးအောင်တိုး၊ ကိုမြင့်ဆွေ အပါအဝင် တာဝန်ခံ ၆ ဦးထားရှိကြောင်းလည်း သိရသည်။
ကော့ကရိတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံး တာဝန်ခံတစ်ဦးဖြစ်သည့် ဦးအောင်တိုးက “အခုလို ကျနော်တို့ ကော့ကရိတ်မှာ ဆက်ဆံရေးရုံးဖွင့်နိုင်တာ ဝမ်းသာတယ်။ ဖွင့်ဖို့ ကြိုးစားတာလည်း ကြာပြီ။ အခုမှ အောင်အောင်မြင်မြင်နဲ့ ဖွင့်ဖြစ်တာကို ဂုဏ်ယူတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ၈၈အဖွဲ့များအနေဖြင့် အဖက်ဖက်မှ နစ်နာနေပြီး အကူအညီမဲ့နေသည့် ပြည်သူလူထုများကို ဒေသခံအာဏာပိုင်များနှင့် ညှိနှိုင်းကာ ကူညီဆောင်ရွက်မှုများ လုပ်ဆောင်သွားပေးသွားရန်ရှိကြောင်း ဦးအောင်တိုးက ဆက်ပြောသည်။
၈၈ မျိုးဆက် ဆက်ဆံရေးဖွင့်ပွဲတွင် တက်ရောက်သည့် ဒီကေဘီအေမှ ဗိုလ်မှူးကြီး စောဆန်းအောင်က “ဒီဆက်ဆံရေးရုံးတွေဟာ ရပ်တိုင်း၊ မြို့တိုင်း၊ နယ်တိုင်းတွေမှာ ရှိဖို့လိုတယ်။ ဘာဖြစ်လဲဆိုတော့ ဒီရုံးကနေ ဆက်သွယ်ပြီးတော့ နိုင်ငံ့အကျိုးကို သယ်ပိုးတဲ့နေရာမှာ လွယ်ကူပြီးတော့ အဖွဲ့အစည်းအပြင် ဒေသခံတွေ အတွက်လည်း အထောက်အကူဖြစ်စေတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးကို မြို့နယ်ပေါင်း (၈၀)ကျော်
ရုံးများ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်ပြည်နယ်၌မူ မြဝတီ၊ ဖားအံနှင့် ယခု ကော့ကရိတ်မြို့များတွင် ဖွင့်လှစ်လိုက် ခြင်းဖြစ်သည်။