ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲရေးနှင့် သာသနာရေးဌာနမှ ဦးစီးပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)အတွက် ဥပဒေရေးရာနှင့် မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ရက်တိုသင်တန်းတစ်ခုကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူထိန်း ချုပ်ရာ လေးဝါးစခန်းတွင် ဖေဖော်ဝါရီလ ၁ဝရက်မှ ၂၁ရက်နေ့အထိ သင်တန်းပို့ချပေးလျက်ရှိသည်။
၎င်းရက်တိုသင်တန်း၌ ကရင်အသိုင်းအဝိုင်းအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ရည်ရွယ်၍ KNU ခရိုင် ၇ခုရှိ (KNPF) ရဲတပ်ဖွဲ့ ဝင်အရာရှိများ စုစုပေါင်း ၈၀ကျော်အား အဓိကထားကာ သင်ကြားပို့ချပေးမည်ဟု KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန၏ တာဝန်ခံ ပဒိုစောအားတိုးက ကေအိုင်စီသို့ ပြောဆိုသည်။
“ကရင်အမျိုးသားရဲတပ်ဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့ သက်ဆိုင်ရာနယ်မြေတွေမှာ တရားဥပဒေစိုးမိုးမှုကို ထိထိရောက်ရောက် လုပ် ဆောင်နိုင်ဖို့အတွက်နဲ့ သူတို့ရဲ့စွမ်းရည်တွေ မြင့်မားလာဖို့ဖြစ်ပါတယ်”ဟု ပဒိုစောအားတိုးက သင်တန်းရည်ရွယ်ချက်ကို ရှင်းပြ သည်။
သင်တန်းတွင် KNU တရားရေးဌာနမှ ပဒိုစောဒေါ့လေးမူ၊ ပဒိုစောအဲ့ကလူစေး၊ KNPF မှ ဗိုလ်မှူးကြီးစောလယ်ဝေါ်၊ ပဒိုအောင် မြင့်တို့က ဥပဒေရေးရာများ၊ မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ၊ KNU တပ်ဖွဲ့စည်းပုံနှင့် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို အဓိကထား သင်ကြားပေးသွားမည်ဖြစ်သည်ဟု သိရသည်။
ယခု သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ KNU ခရိုင်အသီးသီးရှိ မူလတာဝန်ကျရာ နယ်မြေများသို့ ပြန်လည် တာဝန်ထမ်းဆောင် ရမည်ဖြစ်ပြီး ရှေ့ဆက်၍ အလားတူသင်တန်းမျိုးကို ဆက်လက်ပေးသွားရန်ရှိကြောင်းလည်း ပဒိုစောအားတိုးက ဖြည့်စွက်ပြော ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်နေ့ကလည်း အလားတူ KNU ပြည်ထဲရေးနှင့်သာသနာရေးဌာနက လေးဝါးတွင် ပြုလုပ်သော သုံးရက်ကြာ အစည်းအဝေးတွင် ကရင်အမျိုးသားရဲတပ်ဖွဲ့(Karen National Police Force-KNPF) ပြန်လည်ဖွဲ့စည်း ခြင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ရှေ့ဆက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကို ဆုံးဖြတ်ခဲ့ကြသည်။
၎င်းအစည်းအဝေး၌ KNPF ကို KNU ပြည်ထဲရေးနှင့်သာသနာရေးဌာနလက်အောက်ရှိ ဌာနတစ်ခုအဖြစ်ထားရှိကာ သက်ဆိုင်ရာ ခရိုင်၊မြို့နယ်အလိုက် ရဲတပ်ဖွဲ့ဝင်များကိ ုပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ KNPF ကို ၁၉၉၁ခုနှစ်၊ KNU ဌာနချုပ်ဟောင်း မာနယ်ပ လောတွင် စတင်ဖွဲ့စည်းခဲ့ပြီး မာနယ်ပလောကျဆုံးခဲ့သည့် ၁၉၉၅ခုနှစ်နောက်ပိုင်း သင်တန်းများကို ပြန်လည် ပို့ချနိုင်ခဲ့သည်။