Home ထိပ်တန်းသတင်း တတိယနိုင်ငံ ပို့‌ဆောင်‌ပေး‌ရေးအစီအစဉ်အ‌ပေါ် နို့ဖိုးဒုက္ခသည် ၁၅ဝ ခန့် ဆန္ဒထုတ်‌ဖော်

တတိယနိုင်ငံ ပို့‌ဆောင်‌ပေး‌ရေးအစီအစဉ်အ‌ပေါ် နို့ဖိုးဒုက္ခသည် ၁၅ဝ ခန့် ဆန္ဒထုတ်‌ဖော်

2414
ဆန္ဒပြ‌နေသည့် နို့ဖိုးဒုက္ခသည်များ

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၄ ခုုနှစ်။ စဖန်း‌ရှောင်း

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ၏ တတိယနိုင်ငံ ပို့‌ဆောင်‌ပေး‌ရေးအစီအစဉ်နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုများရှိသည်ဟုဆိုကာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ နို့ဖိုးဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၅ဝ ခန့်က ဇန်နဝါရီလ ၂၂ ရက်‌နေ့တွင် ဆန္ဒထုတ်‌ဖော်ပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြသည်။

နို့ဖိုးစခန်းအတွင်းရှိ ရပ်ကွက် ၁၆ (A-B) တွင် ‌နေထိုင်‌သော အဆိုပါ ဆန္ဒပြဒုက္ခသည်များသည် ထို‌နေ့နံနက် ၉ မှ ၁၁ နာရီအထိ နို့ဖိုး UNHCR ရုံး‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်ခဲ့ကြခြင်းဖြစ်သည်ဟု ဆန္ဒထုတ်‌ဖော်မှုအတွက် အကူအညီ‌ပေး ‌ဆောင်ရွက်‌ပေးသူ ရပ်ကွက် ၁၆ (A-B)၏ အုပ်ချုပ်‌ရေးမှူး ဦးလင်းလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးလင်းလင်းက “UNHCR ရဲ့ မိသားစု ‌ပေါင်းစည်း‌ရေးအစီအစဉ်အရ တတိယနိုင်ငံမှာ မိသားစု‌ဆွေမျိုးရှိတဲ့ လူ‌တွေပဲ ပါပါသွားတယ်။ ကျန်ခဲ့တဲ့သူ‌တွေအတွက်က ‌မျှော်လင့်ချက် မဲ့သလိုဖြစ်တယ်။ အဲဒီအတွက် အခုလို ဆန္ဒထုတ် ‌ဖော်ရခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

ဆန္ဒထုတ်‌ဖော်သူများအနက် အချို့သည် စခန်းအတွင်း ဆယ်နှစ်နီးပါး ခိုလုံ‌နေထိုင်သူများပါဝင်ပြီး ၎င်းတို့မှာ တတိယနိုင်ငံ ထွက်ခွါရန် အ‌ခြေအ‌နေထူးခြားမလာသည့်အပြင် ဒုက္ခသည်များရိက္ခာအတွက် ကူညီ‌ပေး‌နေသည့် TBC အဖွဲ့၏ ‌ထောက်ပံ့မှုများကလည်း ‌လျော့ကျလာသည့်အတွက် မိသားစု စားဝတ်‌နေ‌ရေးပြသာနာများ ကြုံ‌တွေ့‌နေရသည်ဟု ဦးလင်းလင်းက ဆက်‌ပြောသည်။

ထိုသို့ ဆန္ဒထုတ်‌ဖော်ရာတွင် UNHCR အ‌နေဖြင့် ခွဲခြားဆက်ဆံမှု ရပ်တန့်‌ပေး‌ရေးနှင့် တန်းတူအခွင့်အ‌ရေး‌ပေး ဆက်ဆံ‌ရေး စသည့် အချက်နှစ်ချက်ကိုသာ အဓိကထားကာ ‌တောင်းဆိုခဲ့‌ကြောင်း သိရသည်။

ယင်းဆန္ဒပြထုတ်‌ဖော်ခြင်းနှင့် ပတ်သက်၍ နို့ဖိုးစခန်း၏ ဥက္ကဌဖြစ်သူ ဆရာ‌စောလားဆယ်က “ကျ‌နော်တို့ က‌တော့ ဆန္ဒပြသူ‌တွေရဲ့ သ‌ဘောထား‌တွေကို အပြန်အလှန်‌ဆွေး‌နွေးကြတယ်။ ဒီမှာရှိတဲ့ UNHCR က တာဝန်ရှိသူ‌တွေကလည်း ဒီအ‌ပေါ်မှာ မှတ်သားထားတယ်။ သူတို့အ‌နေနဲ့ဘယ်လို စီစဉ်‌ဆောင်ရွက်‌ပေးမလဲ ဆိုတာ‌တော့ မသိ‌သေးပါဘူး” ဟု‌ပြောသည်။

၁၉၉၇ ခုနှစ်က စတင်တည်‌ထောင်ခဲ့သည့် လက်ရှိ ရပ်ကွက်‌ပေါင်း ၁၆ ခုရှိပြီး လူဦး‌ရေ ၁၆,၀၀ဝ ‌ကျော် အ‌ခြေစိုက် ‌နေထိုင်သည့် နို့ဖိုးဒုက္ခသည်စခန်းတွင် ယခုတစ်ကြိမ်အပါအဝင် အလားတူ ဆန္ဒထုတ်‌ဖော်မှု ‌လေးကြိမ်ရှိပြီဟု သိရသည်။