Home သတင်း အီတိုးထာ့ IDP စခန်းတွင် ငှက်ဖျား‌ရောဂါ ဖြစ်ပွားသူဦး‌ရေ အဆမတန် မြှင့်တက်‌နေ

အီတိုးထာ့ IDP စခန်းတွင် ငှက်ဖျား‌ရောဂါ ဖြစ်ပွားသူဦး‌ရေ အဆမတန် မြှင့်တက်‌နေ

1636
ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (ကရင်သတင်းဌာန)


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အီတိုးထာ့အိုင်ဒီပီ(ပြည်တွင်းဒုက္ခသည်)စခန်းတွင် ယခုလပိုင်းအတွင်း ငှက်ဖျား‌ရောဂါ ဖြစ်ပွားသူဦး‌ရေ အဆမတန် မြှင့်တက်လာသည်ဟု အီးတိုးထာ့တွင် ‌ဆေးကုသ‌ပေး‌နေသည့် ကရင်ကျန်းမာ‌ရေးနှင့် လူမှုဖူလုံ‌ရေးဌာန (Karen Department of Health and Welfare-KDHW)က ‌ပြောသည်။

အီတိုးထာ့စခန်း၌ ယခု ဇူလိုင်လ ၂၅ရက်အထိတွင် ငှက်ဖျား‌ရောဂါဖြစ်ပွားသူ စုစု‌ပေါင်း ၁၀ဝနီးပါး ရှိ‌နေပြီး ပြီးခဲ့သည့် ဇွန်လအတွင်းမှာ လည်း ငှက်ဖျား‌ရောဂါဖြစ်ပွားသူဦး‌ရေ ၁၃၀‌ကျော်ရှိသည်ဟု KDHW ဒုတာဝန်ခံ ဆရာ‌စောအဲ့ကလုက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောအဲ့ကလုက “အခု ကျ‌နော်တို့ စာရင်းမှတ်ထားတဲ့သူ‌တွေဟာ KDHWအဖွဲ့ရဲ့ စစ်‌ဆေးချက်အရ ပီအက်ဖ် (အပြင်းစား ငှက်ဖျားပိုး)နဲ့ ပီဗွီ(အ‌ပျော့စာငှက်ဖျားပိုး) ရှိတဲ့သူ‌တွေ‌လောက်ပဲ။ ကျန်တဲ့ ပိုးမရှိတဲ့သူ မထည့်ထားဘူး။ ‌နောက် အခု အီတိုးထာ့မှာ အခြား‌ရောဂါ‌တော့ အဲ‌လောက်ထိ မရှိဘူး။”ဟု ရှင်းပြသည်။

ပြီးခဲ့သည့် နှစ်များအတွင်း အီတိုးထာ့တွင် ငှက်ဖျား‌ရောဂါဖြစ်ပွားမှုနည်း‌သော်လည်း ယခု ငှက်ဖျားဖြစ်ပွားသူ များလာရခြင်းမှာ ယခုလပိုင်း အတွင်း စခန်းအတွင်းရှိ ဒုက္ခသည်များသည် စခန်းအပြင် ‌တောထဲသို့ သွားသူများလာပြီး ယင်း‌တောထဲမှတဆင့် ခြင်ကိုက်ခံလာရသူများ နှင့် ခြင်‌ထောင်ဖြင့် မအိပ်စက်ကြသူများ‌ကြောင့် ဖြစ်သည်ဟု KDHW က ဆိုသည်။

ငှက်ဖျား‌ရောဂါပိုးရှိသူများကို ကျား၊ မ ဦး‌ရေ ခွဲထားခြင်းမရှိ‌သော်လည်း ၁၈နှစ်‌အောက်က‌လေး အများဆုံးပါဝင်‌ကြောင်းနှင့် KDHW ‌ဆေး ဝန်ထမ်းများမှ ငှက်ဖျားပိုးရှိသူများကို စခန်းရှိ ‌ဆေးခန်းတွင် ကိုယ်တိုင် ‌ဆေးတိုက်‌ကျွေးပြီးမှသာ ၎င်းတို့‌နေအိမ်တွင် ပြန်အနားယူခိုင်း ‌ကြောင်း သိရသည်။

အီတိုးထာ့တွင် ထိုကဲ့သို့ ငှက်ဖျားပိုးရှိသူ များပြားလာသည့်အ‌ပေါ် ‌ဆေးဝါးလုံ‌လောက်‌စေ‌ရေးအတွက် အခြား လူထုအ‌ခြေပြုလုပ်ငန်းများ အဖွဲ့များက ‌ဆေးဝါးနှင့် ကျန်းမာ‌ရေးဆိုင်ရာပစ္စည်များ ပါဝင်ကူညီ‌စေလို‌ကြောင်း ‌စောအဲ့ကလုက ဆက်‌ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းတို့တွင် ယခုလအတွင်း ငှက်ဖျား‌ရောဂါဖြစ်ပွားသူ များပြားလာလျှက်ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အီတိုးထာ့စခန်းတွင် လက်ရှိ ဒုက္ခသည် ဦး‌ရေ ၃,၀၀၀‌ကျော်ရှိသည်ဟု ထိုင်းနိုင်ငံအ‌ခြေစိုက် ဒုက္ခသည်များကို စားနပ်ရိက္ခာကူညီ‌ပေး‌နေသည့် Thailand Burma Border Consortium -TBBC ၏ ဇွန်လထုတ်စာရင်းတွင် ‌ဖော်ပြထား သည်။