Home သတင်း ရထားဝန်ကြီး၏ ‌တောင်းဆိုချက်ကို ခွန်ထွန်းဦး အာမခံချက် မ‌ပေးနိုင်‌သေး

ရထားဝန်ကြီး၏ ‌တောင်းဆိုချက်ကို ခွန်ထွန်းဦး အာမခံချက် မ‌ပေးနိုင်‌သေး

1789
ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကရင်သတင်းဌာန)


ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ရာတွင် သျှမ်းတိုင်းရင်းသား‌ခေါင်း‌ဆောင် ခွန်ထွန်းဦး ပါဝင်ကူညီ‌ပေးရန် ရထားဝန်ကြီး ဦး‌အောင်မင်းက ‌တောင်း ဆိုခဲ့သည်ဟု သျှမ်းဒီမိုကရက်တစ်ပါတီ ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ‌ပြောသည်။

ဝန်ကြီးဦး‌အောင်မင်းနှင့် စက်မှုဝန်ကြီး ဦးစိုးသိမ်းတို့က ၁၉၉ဝ ‌ရွေး‌ကောက်ပွဲဝင် နိုင်ငံ‌ရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် အခြားနိုင်ငံ‌ရေးပါတီ ၂ပါတီ အပါအဝင် စုစု‌ပေါင်း နိုင်ငံ‌ရေးပါတီ ၁၄ပါတီတို့ ဇူလိုင်လ ၂၂ရက်‌နေ့တွင် ‌တွေ့ဆုံခဲ့ကြစဉ် ဝန်ကြီးက ထိုကဲ့သို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဦးစိုင်းလိတ်က “ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်တဲ့‌နေရာမှာ ဦးခွန်ထွန်းဦး ပါဝင်‌ပေးဖို့ ဦး‌အောင်မင်းက ‌တောင်းဆိုတာ။ ဦးခွန်ထွန်ဦးက‌တော့ ငြိမ်းချမ်း‌ရေးတည်‌ဆောက်တယ်ဆိုတာ ‌ကောင်းတဲ့လုပ်ရပ်ပဲ ငြိမ်းချမ်း‌ရေး‌ရေရှည် တည်တံ့ဖို့ကလဲ အားလုံးလိုလားတယ်။ ဒါ‌ကြောင့် ဒီလုပ်ငန်းကို သူ့အ‌နေနဲ့ ကူညီမယ်။ ဒါ‌ပေမယ့် အပြည့်အဝ အာမခံချက် မ‌ပေးနိုင်‌သေးဘူးလို့ ပြန်‌ပြောခဲ့တယ်”ဟု ‌ပြောသည်။

ခွန်ထွန်းဦးအ‌နေဖြင့် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ယုံကြည်မှုတည်‌ဆောက်ရန်လို‌ကြောင်း၊ အစိုးရဘက်ကလည်း ကတိကဝတ်တည်ရန်လို‌ကြောင်းနှင့် အပစ်ခတ်ရပ်စဲ‌ကြောင်း အမိန့်‌ပေးထား သည့်ကြားမှ ‌အောက်‌ခြေတပ်များ ဖြန့်ထားပြီး တိုက်ပွဲများ ဆက်ဖြစ်‌နေဆဲ အ‌ခြေအ‌နေမျိုးတွင် သူ့အ‌နေနှင့် ငြိမ်းချမ်း‌ရေးအတွက် ကြားဝင်‌စေ့စပ်ဖို့နှင့် ကူညီထိန်းသိမ်းဖို့ ခက်ခဲ‌သေးသည်ဟု ‌ပြော သွား‌ကြောင်း ဦးစိုင်းလိတ်က ပြန်လည်‌ပြောဆိုသည်။

သို့‌သော် သမ္မတဦးသိန်းစိန်နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးသည့်အခါ၌သာ သမ္မတကြီးက ယင်းကိစ္စအ‌ပေါ် ဆက်လက် ‌တောင်းဆို အဆိုပြုလာမည် ဆိုပါက ဖြစ်‌ကောင်းဖြစ်လာနိုင်သည်ဟု ဦးစိုင်းလိတ်က ဆက်‌ပြောသည်။

‌တွေ့ဆုံပွဲတွင် UNA အဖွဲ့ဝင်များဖြစ်ကြသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုက‌ရေစီ အဖွဲ့ချုပ်၊ ဇိုမီဒီမိုက‌ရေစီအဖွဲ့ချုပ် နှင့် မွန်ဒီမိုက‌ရေစီပါတီ အစရှိသည့်ပါတီများနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲဝင် ပါတီတချို့လည်း ပါဝင်ခဲ့သည်။

ယခု‌တွေ့ဆုံပွဲသည် ၁၉၉ဝ ‌ရွေး‌ကောက်ပွဲဝင်ပါတီများနှင့် သမ္မတဦးသိန်းစိန်တို့ ‌တွေ့ဆုံရန်အတွက် အကြို ညှိနှိုင်း‌တွေ့ဆုံမှုဖြစ်‌ကြောင်း လည်း သိရသည်။