(လကင်္ာဒီပ)
ဥုံဖွနဲ့စုံမ မဖွဲ့တဲ့လူမျိုး
ဘိုးဘိုးအောင်၊ ဇော်ဂျီလိုလူကျော်များ
စောင့်စားမျှော်လင့် အားမကိုးသူပါပေ
မိုးကျရွှေကိုယ်လည်း မယုံစားသူ
ကိုယ့်မူ ကိုယ့်လူမျိုး ကိုယ်ကာကွယ်
တကယ်ပဲ တစိုက်မတ်မတ်
ရပ်တည်ကြိုးစားကြံဆောင်ခဲ့သော
စောဘဦးကြီးလို အာဇာနည်မျိုး
အဖိုးအနဂ္ဂ ထိုက်တန်လွန်းလှပါဘိတော့။
သေခြင်းရှင်ခြင်းတရား
ငါနဲ့လားလားမဆိုင်သလို
ညိုနေတဲ့မျက်ဝန်းအထွေထွ
မွန်းကြပ်နေတဲ့လူမျိုးရေး
သက်စတေးရန် အဆင်သင့်
ပေးဆပ်ဖို့လည်း ဝန်မလေးသူ
မြင့်မြတ်သူတို့စိတ်နှလုံးနဲ့။
စည်းဘောင်တွေလည်း ခွမထိုင်ခဲ့သူ
မူနဲ့လမ်းစဉ်အပေါ်သာ
အခိုင်အမာ စိုက်လိုက်ရပ်တည်ခဲ့လူသား
သွေးသားထဲ အတ္တမရှိတဲ့ပုဂ္ဂိုလ်
ထိုထိုသော မျှော်လင့်ခြင်းအတွက်
ဓါးထက်ထက် ခယောင်းတောကြား
နှလုံးသားကို ချနင်းခံဝံ့ခဲ့ပြီလေ။
ငါဟေ့လို့လည်း မကြွေးကြော်
မော်မော်ကြွားကြွား ဟန်လည်းမထားသူ
လူတွေ လူဖြစ်ဖို့ရန် ကြိုးစား
ဒုက္ခများရင်ဆိုင်ကာ ဖြေရှင်းမယ့်
တကယ့်ရှေ့တန်းခေါင်းဆောင်ကောင်းလို
ရန်သူကို ကိုယ်တိုင်ဖြိုမယ့် သွေးနှင့်ရဲရဲနီလို့။
မိမိအမျိုးသားရေးအပေါ်
ကိုယ်ဖော်ဆောင်ထား သဘောထား
တပြားသား တရွေးမှ နောက်မဆုတ်ခဲ့သူ
တာဝန်ယူမှုအပြည့်နှင့်
တင့်တယ်သာယာလှပရွှင်မြူး
ကော်သူးလေးအနာဂတ်ကို
ပျိုမြစ်ထုဆစ်တည်ဆောက်ခဲ့သည့်
မိမိဘဝနှင့် လဲလှယ်ထိုးကျွေး
အမျိုးသားရေးကိုသာလျင် ဦးစားပေးခဲ့သူ။
အို… ရဲရင့်သန်မာ ထက်မြက်လှပါသော
ဒေါနသံလွင်နှင့် ကျွန်းပေါ်ဧရာ
ထော့မဲပါသား ကိုးဒီသွေးအပေါင်းတို့
တို့တွေရဲ့ နားလည်သိမှုအဖုံဖုံ
ရန်ကုန်ဆင်း လည်စင်းမခံရေး
မွေးရာပါ လူ့အခွင့်အရေး
တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်
ကရင့်အသံ ကရင့်အလံ
နေရာမှန်ပြန်စိုက်ထူထောင်အသက်ဝင်
ကရင်တိုင်း ကရင်တိုင်းမှာ
အာဇာနည်စိတ်တွေ ကိုယ်စီရှိသင့်ကြပြီမို့။
လက်ရုံးရည်နှင့်လည်း ပြည့်စုံစေ
နှလုံးရည်နှင့်လည်း ပြည့်ဝစေ
မြေကမ္ဗလာလိုကျင့်တဲ့ ယောက်ျားကောင်း
ဇာတ်ပေါင်းခန်းမှာ အပြုံးပန်းတွေ
ဖူးပွင့်ဝေဆာသွားစေသော
လိမ္မာသော လှည်းမှူးလိုလည်း
မလွဲမှားရအောင် လမ်းညွွှှန်နိုင်သူ
အို…ဖြုစင်မြင့်မြတ်သော အာဇာနည်အပေါင်းတို့
ကျွန်ုပ်တို့သည် သင့်အား ထာဝစဉ်
ချစ်ခင်ရိုကျိုး အလေးပြုနေမည်မှာ အမှန်ပင်ဖြစ်တော့သည်။
ဇူလိုင် ၁၉၊ ၂၀၁၂။


















