ဇူလိုင်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ မဟာမိတ် ၁ဝပါတီမှ ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ် တော်တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြရာ တိုင်းရင်းသားဒေသမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
တွေ့ဆုံပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီ အသီးသီးက အဓိက တိုင်းရင်းသားဒေသ ပြဿနာ၊ တိုင်းရင်းသားလူမျိုးများ ပြဿနာနှင့် တိုင်းရင်းသားဒေသအတွင်း ရသင့်ရထိုက်သည့် အခွင့်အရေးများနှင့် ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ပြောသည်။
ဦးဇိုဇမ်က “ကျနော်တို့ တိုင်းရင်းသား ပြည်သူလူထုရဲ့ နှလုံးသားထဲကနေ ပြောပြောနေတဲ့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမူ မဟုတ်ဘူး။ ငြိမ်းချမ်းစွာ အတူတကွ သာတူညီမျှစွာနဲ့ နေနိုင်တာဖြစ်တယ်။ ကျနော်တို့ လက်ခံတဲ့ ဖက်ဒရယ်မူဆိုတာ ခွဲထွက်ဖို့မဟုတ်ဘူးဆိုတဲ့၊ ကျနော်တို့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ကိစ္စ သမ္မတကြီးကို ရှင်းပြတယ်”ဟု ဆိုသည်။
ချင်းအမျိုးသားပါတီအနေနှင့် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုအပြင် တိုင်းရင်းသားအားလုံး လက်ခံနိုင်သည့် ညီလာခံတရပ် ကျင်းပနိုင်ရေး၊ ဝန်ကြီးဌာနတွင် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်နိုင်ရေး၊ တိုင်းရင်းသားဒေသရှိ အစိုးရဝန်ထမ်းများ တွင်လည်း ဒေသခံတိုင်းရင်းသားများ ပါဝင်စေလိုကြောင်း အပါအဝင် အချက် ၅ချက် တင်ပြဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒုဥက္ကဌ နိုင်လှအောင်က တိုင်းရင်းသားညီနောင် ၆ပါတီတို့ သဘောတူ ဆွေးနွေးထားခဲ့သည့် တိုင်းရင်း သားစာပေ သင်ကြားရေးနှင့် ပတ်သက်သည်များကို သမ္မတနှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု လွှတ်တော်အမတ် နိုင်ဗညား အောင်မိုးက ပြောသည်။
ထိုနည်းတူ တခြားတိုင်းရင်းသားဒီမိုကရက်တစ်ပါတီများကလည်း တိုင်းရင်းသားဒေသအတွင်း လိုအပ်နေသည့် လျှပ်စစ်မီးရရှိရေး၊ ပညာ ရေး၊ ကျန်းမာရေး အစရှိသည်များကို တင်ပြဆွေးနွေးခဲ့ကြသလို ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ နည်းစနစ်ပြောင်းလဲရေးတို့ကို လည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပါတီအသီးသီးတို့၏ တင်ပြဆွေးနွေးချက်များကို သမ္မတဦးသိန်းစိန်က စိတ်ရှည်လက်ရှည် လက်ခံဆွေးနွေးပေးခဲ့ ပြီး အမြန်ဆုံး အကောင်အထည်ဖော်ပေးသွားမည်ဟုလည်း ပြောကြားသွားခဲ့ကြောင်း သိရသည်။
သမ္မတနှင့် တွေ့ဆုံချိန်သည် ၄နာရီကျော် ကြာသော်လည်း ကိုယ်စားလှယ် ၁၃ဦး ပါဝင်သည့်အတွက် ဆွေးနွေးချင်သည့်အချက်များကို မတင်ပြနိုင်ခဲ့ကြောင်း သို့သော် အဓိကအချက်ကို တင်ပြဆွေးနွေးနိုင်ခဲ့သလို သမ္မတဘက်ကလည်း အလေးအနက်ထားကာ အပြန်အ လှန် ဆွေးနွေးခဲ့သည့်အတွက် အားရကျေနပ်မှုရှိသည်ဟုလည်း ဦးဇိုဇမ်က ပြောသည်။
သမ္မတနှင့် တွေ့ဆုံခဲ့သည့်ပါတီများမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMDP)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNDP)၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ဒီမိုကရေစီနှင့် ငြိ်မ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီနှင့် ပြည်ထောင်စု ဒီမိုကရေစီပါတီတို့ ပါဝင်သည်။



















