Home ကဗျာ လမ်းဆုံးတဲ့ခါ ‌ရောက်မဲ့ရွာ

လမ်းဆုံးတဲ့ခါ ‌ရောက်မဲ့ရွာ

1865
စ’အိုင်ခန့် (နှင်းခဲ‌မြေ)

ဟိုး တစ်ချိန်တုန်းက
“ချီ‌ဖွေ” ‌တောင်တန်း‌တွေကြားမှာ
နှင်းခိုး‌တွေ တ‌ဝေ‌ဝေနဲ့ ပန်းစုံရနံ့‌တွေ သင်းပျံ့လှိုင်ခဲ့တုန်းက
‌ရောင်စုံလိပ်ပြာ‌လေး‌တွေ ပျံဝဲခဲ့ကြသလို
“‌ဒေါန” ‌တောင်တန်း‌တွေကြားမှာ‌တော့
မီးခိုး‌တွေ တ‌ဝေ‌ဝေကြားက ယမ်း‌ညှော်‌စော်နံ့‌တွေ
‌သွေးညှီ‌စော်နံ့‌တွေနဲ့ သင်းပျံ့ကာလှိုင်လျက်
အ‌ရောင်မည်းမည်း တိုက်‌လေယာဉ်‌တွေလည်း ပျံဝဲလို့‌ပေါ့။

ဟိုး တစ်ချိန်တုန်းက
“ချီ‌ဖွေ”‌တောင်တန်း‌တွေကြားမှာ
ငြိမ်းချမ်း‌ရေးသံစဉ်‌တေး‌တွေ လွင့်ပျံ့ကာသီကြူးလို့
‌တောင်ယာခင်း‌တွေကို တ‌ပျော်တပါး ရိတ်သိမ်းကြချိန်မှာ
“‌ဒေါန”‌တောင်တန်း‌တွေကြားမှာ‌တော့
“ဗုံးသံ” အ‌မြောက်သံ‌တွေနဲ့ ညည်းတွားသံ‌တွေ ဆူညံလျက်
‌တေးဆိုသံဆိတ်ကာ ပြာပုံအတိနဲ့ ရွာ‌ခြေပျက်
‌တောင်ယာခင်း‌တွေလည်း ရိတ်သိမ်းသူမဲ့ခဲ့‌ပေါ့။

ဟိုး တစ်ချိန်တုန်းက
“ချီ‌ဖွေသူဇာ” လှပျိုကညာ‌တွေ ပလိုင်း‌လေးလွယ်ပြီး
‌တေးသံညည်းကာ ‌အေးချမ်းစွာ “တို့စရာ”ရှာခူးနိုင်ချိန်မှာ
‌ဒေါနသခင် “သင်တိုင်းဖြူရှင်” ပလိုင်းကိုငင် မျှစ်ချိုးဖို့သွားတာ
‌သွေးစ‌တွေနဲ့ ‌ပေကျံစုတ်ပြဲ‌နေတဲ့ သင်တိုင်းဖြူ ဝါးရုံ‌ပေါ်ချိတ်လျက်
‌မျှော်‌နေသူ မိခင်အိုထံ ဘယ်‌တော့မှ ပြန်‌ရောက်မလာခဲ့‌တော့။

ဟိုး တစ်ချိန်တုန်းက
ဆန့်ကျင်ဖက် စံစားမှုနဲ့ ခါးစည်းမှု‌တွေကို ရင်ဝယ်ပိုက်
စည်းလုံးမှု အားနည်းတဲ့ ကိုယ်လွတ်ရုန်းနိုင်ငံ‌ရေးရဲ့ အကျိုးဆက်
“‌ဒေါန”က ချီ‌ဖွေဖြစ်လိုက် “ချီ‌ဖွေ”က ‌ဒေါနပြန်ဖြစ်လိုက်နဲ့
ကိုလိုနီစရိုက် အသွင်းခံလိုက်ရတဲ့ ဘဝတူချင်း ဖြစ်သွားတာကလွဲလို့
ဘယ်သူမှ လွတ်‌မြောက်မှုကို မစွမ်း‌ဆောင်နိုင်ခဲ့
‌ဖြေသိမ့်စရာ သင်ခန်းစာနဲ့ ‌နောင်တ‌တွေပဲ ရခဲ့တယ်။

မတည်တဲ့ ကတိ‌တွေကို
ထပ်ခါတလဲလဲ‌ပေးတတ်တဲ့ ပလီပလာ မာယာရှင်လူတစ်စုဆီက
‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဆိုတဲ့လမ်းခရီးမှာ
‌ထောင်‌ချောက်ပြွမ်းတဲ့ ‌မှောင်မဲမဲခရီးကြမ်းရှည်ထဲ
ယိုင်နဲ့နဲ့ မင်းရဲ့ချိုင်း‌ထောက်‌လေး‌တွေနဲ့
စိတ်ချလက်ချ လိုက်ဘို့ဖြစ်နိုင်ပါ့မလား။

ကြားရရုံနဲ့ ‌ကျောချမ်းတဲ့
‌ခေတ်တစ်‌ကျော့ပြန် ‌သေမင်းတမန် ရထားလမ်းတဲ့
ဂျပန်‌ခေတ်က ‌ချွေးတပ်စခန်းကို မြင်‌ယောင်မိ
‌ဒေသဖွံ့ဖြိုး‌ရေးဆိုတဲ့ ‌ခေါင်းစဉ်နဲ့ဖိ
မဟာတို့ရဲ့ ‌မြေလှန်စနစ် စီမံကိန်း တကယ်အရှိမှာ
‌သေမင်းတမန်လက်ထဲ ဘယ်သူ‌တွေကို ထပ်ထည့်ဦးမှာလဲ။

ဧည့်သည်က အိမ်ရှင်လုပ်
‌တောင်းဆိုသလိုနဲ့ ‌မောင်းထုတ်တဲ့ပွဲမှာ
ရှမ်းပြည်မှ ‌သွေးချင်းတို့ နှစ်စခန်း‌တောင် တပ်ဆုတ်‌ပေး‌နေရ‌တော့
ငြိမ်းချမ်း‌ရေးဆိုတာ အ‌လျှော့‌ပေးရတဲ့ အရှုံး‌ပေးဆုတ်ခွါ‌ရေး‌တွေလား။
ငါတို့ကရင်ပြည်သူ‌တွေအတွက် ငြိမ်းချမ်း‌ရေးဆိုတာထက်
မှတ်ပုံတင်အစစ်‌လေး‌တောင် ရဘို့‌သေချာမတွက်နိုင်ခဲ့။

“‌စော”အ‌ရှေ့မှာ “‌မောင်”ဖုံးတဲ့
နိုင်ငံသားကတုံးထိပ်ကွက်မဲ့ပွဲမို့
“ဗမာ”နဲ့ “မြန်မာ” ‌ဝေါဟာရ အရှုတ်‌တော်နှစ်လုံးကြား
ဗမာပဲဖြစ်လာ၊ မြန်မာပဲဖြစ်လာ ကရင်ဖြစ်လာနိုင်မတဲ့လား။
အွန်လိုင်းထဲက မန်းထက်‌ခေါင်ရဲ့ ‌ဆောင်းပါးတစ်ပုဒ်
‌ခေါင်းစဉ်‌လေးက ရိုးရိုးပါ
“လမ်းဆုံးတဲ့အခါ ‌ရောက်မဲ့ရွာ”တဲ့
အရင်းအနှီး တန်ဘိုးကြီးစွာနဲ့ ‌ပေးဆပ်ခဲ့ရ
‌လျှောက်လှမ်းခဲ့ ဆယ်စုနှစ်‌ခြောက်ခု‌ကျော်ခရီး
ယာယီမှတ်ပုံတင်‌လေးကိုင်ပြီး ခရီးဆုံးလို့‌ရောက်မဲ့ရွာ
ရွာ‌ခြေပျက် ကရင်‌တွေမဲ့တဲ့ “ပြတိုက်”မဖြစ်‌စေနဲ့။

(ဇူလိုင် ၇ရက်၊ ၂၀၁၂)

ရည်ညွန်းနာမ်စား
ချီ‌ဖွေ = ကချင်ပြည်နယ် စစ်‌မြေပြင်ပန်းဝါ‌ဒေသ ချီ‌ဖွေနယ်မှ ‌တောင်တန်းအမည်
‌ဒေါန = ကရင်ပြည်နယ်မှ ‌တောင်တန်းအမည်