ဇွန် ၂၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ်
အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနည်းလမ်း မှန်ကန်မှုမရှိသည့်အတွက် ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတချို့တွင် ဘိန်းစိုက်ပျိုးမှု ပိုများလာသည်ဟု ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ပြောကြားလိုက်သည်။
ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်နေတယ်ဆိုပေမယ့်လည်း ကျနော်တို့ ရှမ်းပြည်နယ်အပါအဝင် တခြား ချင်း၊ ကချင်၊ ကယားစတဲ့ဒေသတွေက ဘိန်းစိုက်ပျိုးမှုတွေ ပိုများလာနေတယ်။ သူတို့ (အစိုးရ) လုပ်နေတဲ့ နည်းလမ်းတွေက မှန်ကန်မှုမရှိလို့ ဒီလိုဖြစ်တာပေါ့” ဟု ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင် ဦးခွန်စိုင်းက ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၅ မြို့နယ်အနက် ၄၉ မြို့နယ်အတွင်းတွင် ဘိန်းစိုက်ပျိုးမှု ပိုများလာသည်ဟု ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။
အစိုးရအနေဖြင့် တိုင်းရင်းသားဒေသအတွင်းရှိ မူးယစ်ဆေးဝါးပြဿနာများကို ဖြေရှင်းရာတွင် ထိုဒေသရှိ နိုင်ငံရေးပြဿနာများကို အရင်ဖြေရှင်းပြီးမှသာ ဆောင်ရွက်သင့်သည်ဟု ဦးခွန်ဆိုင်းက ဆက်ပြောသည်။
၎င်းက “နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းဖို့ဆိုရင် အစိုးရအနေနဲ့ အရင်ဦးဆုံး နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းသင့်တယ်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှပဲ မူးယစ်ဆေးဝါးပြဿနာတွေကိုလည်း ဖြေရှင်းလို့ရမယ်”ဟုပြောသည်။
ရှမ်းပြည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ၂၀၀၇ ခုနှစ်မှစပြီး မူးယစ်ဆေးဝါးနှင့် ပတ်သက်၍အစီရင်ခံစာများ ထုတ်ဝေခဲ့ရာ၂၀၁၂ ခုနှစ်ထုတ် အစီရင်ခံစာတွင် ခေတ်အဆက်ဆက်က ဘိန်းဘုရင်များ၏ လုပ်ဆောင်မှုများနှင့် မကြာခင်က ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ရာဇာ နော်ခမ်းအား လာအို အစိုးရအာဏာပိုင်တို့၏ ဖမ်းဆီးခံမှုအကြောင်းများ ပါရှိသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀ဝ ပြည့်နှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်ထိ သတ်မှတ်ကာ ယခုနှစ် တတိယ ၅ နှစ်စီမံကိန်း၏ တတိယနှစ်သို့ ရောက်ရှိနေပြီးဖြစ်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။