Home သတင်း လူငယ်များကို တပ်သားသစ်များအဖြစ် ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းမရှိဟု KIO ငြင်းဆို

လူငယ်များကို တပ်သားသစ်များအဖြစ် ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းမရှိဟု KIO ငြင်းဆို

2243
ဧပြီလ ၂၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်ပြည်နယ် ကားမိုင်းမြို့နယ်အတွင်းရှိ လူငယ်များအား တပ်သားသစ်အဖြစ် တာဝန်ထမ်း‌ဆောင်ရန် ဖမ်းဆီး‌ခေါ်‌ဆောင်သွားခြင်းဟု သတင်းများထွက်‌ပေါ်‌နေမှုအ‌ပေါ် မဟုတ်မှန်‌ကြောင်း ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)က ယ‌နေ့ ငြင်းဆိုလိုက်သည်။

“အဲ့ဒီလိုဟာမျိုး ဖြစ်စဉ်မရှိဘူးခင်ဗျ။ ဒီလို‌ပြော‌နေကြတာက‌တော့ KIO ဂုဏ်သိက္ခာကျဆင်း‌အောင် လုပ်‌နေတာပါပဲ။ ကျ‌နော်တို့လည်း ဘာမှ မကြားမိဘူး။ မီဒီယာထဲမှာ တင်ထားတာပဲ ‌တွေ့တယ်။ အမှန်တကယ်မှာ အဲ့ဒီလိုဟာမျိုး မရှိဘူး”ဟု KIO ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးလ နန်က ‌ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ရက်‌နေ့က ကားမိုင်းမြို့နယ်ခွဲအတွင်းရှိ စီအင်း‌ကျေးရွာ‌တောင်ဘက် ၃မိုင်ခန့်အကွာတွင် တည်ရှိ‌သော ‌ပေါ်‌တော် မူဘုရားသို့ သွား‌ရောက်ဖူး‌မြော်ကြသည့် လူငယ် ၅ဝဦးကို ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်(KIA) မှ တပ်သားသစ်အဖြစ် ဖမ်းဆီး‌ခေါ် ‌ဆောင်သွားခဲ့ကြပြီး ထိုအထဲမှ လူငယ် ၂ဝဦး ပြန်လည် လွတ်‌မြောက်လာခဲ့သည်ဟု ၎င်း‌ဒေသခံတချို့ထံမှ သတင်းထွက်‌ပေါ်မှုအ‌ပေါ် ယခုလို တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

‌ဒေသခံတစ်ဦးက “သကြင်္န်အကြတ်‌နေ့ ည‌နေ၆နာရီကို ‌ခေါ်သွားတာ။ KIA တပ်ရင်း(၆) လက်‌အောက်ခံ မံဝယ်စခန်းကို ‌ခေါ်သွားတာ။ လာ‌ခေါ်သွားတုန်းက တပ်အင်အား ၃၀‌လောက်ပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ဧပြီလ ၁၂ရက် (သကြင်္န်အကြို‌နေ့) မွန်းတည့် ၁၂နာရီခန့်တွင် KIA တပ်ရင်း(၆)မှ ဗိုလ်ကြီးအဆင့်ရှိသူ ဦး‌ဆောင်‌သော အင်အား ၇ဝခန့်သည် ‌မော်‌တော်ယာဉ် ၂စီးဖြင့် ဖားကန့်မြို့နယ်၊ နန့်ယား‌ကျေးရွာရှိ လူငယ် ၃ဝဦးနှင့် မ‌နော့‌ကျေးရွာရှိ လူငယ် ၆ဦးကိုလည်း ‌ခေါ် ‌ဆောင်သွားခဲ့‌ကြောင်း ထို‌ဒေသခံများက ထပ်မံ ‌ပြောကြားသည်။

‌ဒေသခံများအထဲမှ အသက် ၄ဝနှစ်အရွယ် ကားမိုင်း‌ဒေသခံ အမျိုးသားတစ်ဦးက “‌ခေါ်သွားတာ အသက်၂ဝ ဝန်းကျင် လူငယ်‌တွေကိုပဲ ‌ရွေး‌ခေါ်သွားတယ်။ လက်နက်ကိုင်ထား‌တော့ မိဘ‌တွေကလည်း ကိုယ့်သားသမီးကို ‌ခေါ်သွားတာ ဒီအတိုင်းပဲ ကြည့်‌နေရတယ်”ဟု ‌ပြော သည်။

တပ်သားသစ်အဖြစ် အတင်းအဓမ္မ ‌ခေါ်‌ဆောင်သွားရာတွင် လူငယ်အမျိုးသားများအပြင် အမျိုးသမီးများလည်း ပါဝင်‌ကြောင်း ‌ဒေသခံ များထံမှ သိရသည်။

ထို‌ဒေသတွင် KIA တပ်ရင်းများ လှုပ်ရှားသွားလာမှုနှင့် ပတ်သက်၍ ဦးလနန်က “ကျ‌နော်တို့ တပ်ရင်း‌တွေက အင်အားအများကြီးနဲ့ ‌လျှောက်သွားဖို့လည်း မရှိဘူး။ ‌ပြောက်ကျားပုံစံပဲ လှုပ်ရှား‌နေတာဆို‌တော့ အများဆုံးက ၂၀‌လောက်ပဲ ရှိမယ်”ဟု ‌ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရထံသို့ လက်နက်ချ အလင်းဝင်သွား‌သော KIA လက်‌အောက်ရှိ တာ‌လောကြီး‌ကျေးရွာ အရပ်သား တပ်ဖွဲ့ဝင်အများစုမှာ မြန်မာအစိုးရတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြားတွင် ‌သေဆုံးသွားကြသည်ဟု ‌ပြောဆို‌နေကြခြင်း မှာလည်း မှားယွင်း‌နေ‌ကြောင်း ဦးလနန်က ယခုလို ရှင်းပြသည်။

၎င်းက “ကချင်ဘက်က သတင်း‌တွေတက်လာပြီဆိုရင် ပိုပြီး‌တော့ ခိုင်မာမှုရှိသွား‌အောင် ကျ‌နော်တို့‌တွေကို ‌မေးတာပိုပြီး‌တော့ ‌ကောင်း မယ်လို့ ထင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ အလင်းဝင်သွားတဲ့ ပြည်သူ့စစ်‌တွေ အကုန်လုံး ကျဆုံးသွားပြီဆိုတာ‌တော့ မမှန်ဘူး။တိုက်ပွဲ‌တွေ ဖြစ်တယ်ဆိုတာက‌တော့ မှန်ပါတယ်။ အဲ့ဒီတိုက်ပွဲ‌တွေထဲမှာ ပြည်သူ့စစ်‌တွေမပါဘူး။ အခုသူတို့ မြစ်ကြီးနားမှာ‌ရောက်‌နေကြပြီလို့ သိရ တယ်”ဟု ‌ပြောသည်။

အစိုးရနှင့် KIA တပ်ရင်းများသည် ‌နေ့စဉ် တိုက်ပွဲ‌ပေါင်း သုံး‌လေးကြိမ် ဖြစ်‌ပေါ်‌နေပြီး ယခု ဧပြီလအတွင်း တိုက်ပွဲ‌ပေါင်း အကြိမ် ၂၀‌ကျော် ဖြစ်ပွားခဲ့ပြီးဖြစ်‌ကြောင်း KIO က အတည်ပြု ‌ပြောကြားခဲ့သည်။

KIO သည် ၁၉၉၄ခုနှစ်က အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်ထိုးခဲ့ပြီး ၂၀၁ဝခုနှစ် ‌ရွေး‌ကောက်ပွဲတွင် တက်လာသည့် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ခုနှစ်၊ ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲ‌ရေး ပျက်ပြယ်ခဲ့သည်။