Home သတင်း ဆား‌ဈေးကျသည့်အတွက် လုပ်ငန်းရှင်များ အရှုံး‌ပေါ်

ဆား‌ဈေးကျသည့်အတွက် လုပ်ငန်းရှင်များ အရှုံး‌ပေါ်

1328
ဇန်နဝါရီ ၄ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

မွန်ပြည်နယ်တွင် ဆားကြမ်းများ စတင်ထုတ်လုပ်သည့် ယခု ဇန်နဝါရီလအတွင်း ဆား‌ဈေးကျသည့်အတွက် ဆားလုပ်ငန်းများ မှာ အရှုံး‌ပေါ်‌နေကြ‌ကြောင်း ဆားလုပ်ငန်းရှင်များက ‌ပြောသည်။

ဆားလုပ်ငန်းလုပ်ကိုင်ရာတွင် ပျမ်းမျှအားဖြင့် ဆားတစ်ပိဿာလျှင် ကျပ်‌ငွေ ၇ဝခန့် ရင်းနှီးထားရပြီး လက်ရှိ ဆား‌ပေါက်‌ဈေးမှာ ကျပ် ၅၀‌ကျော်သာ ရှိ‌နေသည့်အတွက် ဆားလုပ်ငန်းရှင်များ အရှုံးနှင့် ရင်ဆိုင်‌နေရသည့် အ‌နေအထား ဖြစ်‌နေသည်။

ဆားအသစ် မထွက်ခင်က ဆားတစ်ပိဿာလျှင် ၈ဝကျပ်ဝန်းကျင် ‌ဈေးနှုန်းရှိရာမှ ယခုလအတွင်း ဆား‌ဈေးတစ်ပိဿာလျှင် ၅ဝ ကျပ်ဝန်းကျင်ထိ ကျဆင်းသွားခြင်း ဖြစ်သည်။

မွန်ပြည်နယ်၊ ပငဆားကွင်းမှ ဆားလုပ်ငန်းရှင်တဦးက “ရင်းတဲ့ပမာဏက ဆားကွင်းအနီး အ‌ဝေး‌ပေါ် မူတည်‌သေးတယ်။ ဆား ကွင်း‌ဝေးရင် ရင်းရတာများတယ်။ ဆားကွင်းနီးရင် နည်းနည်း‌တော့ သက်သာတာ‌ပေါ့။ ဆား‌ဈေးမ‌ကောင်း‌တော့ အကုန်လုံးက ရှုံးတာပဲ‌လေ။ အနည်းနဲ့အများ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ဆား‌ဈေး ထိုးကျသွားရခြင်းမှာ ထိုင်းနိုင်ငံမှ ဆား‌ချောများ ဝင်လာသည့်အတွက် ပြည်တွင်းထုတ်ဆားများကို အဝယ် နည်းလာကာ ဆား‌ဈေးကျသွားခြင်းဖြစ်သလို ဆား‌ဈေးသည် လက်ရှိ‌ပေါက်‌ဈေးထက် ထပ်ကျသွားရန်ရှိသည်ဟုလည်း ‌မော်လ မြိုင်မြို့ရှိ ဆားကုန်သည်တစ်ဦးက ‌ပြောသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်ရှိ ပင‌ကျေးရွာတွင် အများဆုံးထုတ်လုပ်ပြီး ကျိုက္ခမီ၊ ‌ရေး၊ ‌ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့၌ ဆားကွင်းဧက တစ်‌သောင်း‌ကျော်ရှိသည့်အတွက် မွန်ပြည်နယ်မှ ထွက်သည့်ဆားများမှာ တနိုင်ငံလုံး၏ ၂ဝ ရာခိုင်နှုန်းခန့် ရှိသည်။

‌နေလှန်းဆားထုတ်လုပ်ခြင်းကို ဇန်နဝါရီလမှ စတင် ထုတ်လုပ်နိုင်ပြီး မိုးဦးမကျခင် ‌မေလဆန်းပိုင်းထိ ‌လေးလစလုံး လုပ်ကိုင် ‌လေ့ရှိပြီး နှစ်စဉ် စက်တင်ဘာလမှစပြီး ကွင်းပြင်ခြင်း၊ တမံတုတ်ခြင်း၊ ကန်သင်းရိုးရိုက်ခြင်း၊ ဂျုတ်ဆွဲခြင်း၊ ဒလိမ့်လှိမ့်ခြင်း၊ ‌ရေငန်သွင်းခြင်းများကို အဆင့်ဆင့် ပြုလုပ်ကာ ကွင်းရှိ ဆားငန်ရည်များ အပူချိန် ၂၅ဒီဂရီ စင်တီဂရိတ် ‌ရောက်ရှိမှသာလျှင် ဆားကို ထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆားထုတ်လုပ်မှုကို မွန်ပြည်နယ်အပြင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း လုပ်ကိုင်လျက်ရှိသည်။