မေသကြင်္န်ဟိန်း (မြစ်မခ)။ နိုဝင်ဘာလ ၁၁၊ ရန်ကုန်မြို့။
ဒီနေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တယ်။ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အတွက် ကျမအတွက်တော့ မိသားစုအားလုံး တစုတ စည်းထဲ ရှိခွင့်ရတဲ့နေ့တနေ့ ဖြစ်ပါတယ်။
နေ့လည် ၁၂ နာရီလောက်မှာ မိသားစု ထမင်းစားနေတုန်း ကျမလက်ကိုင်ဖုန်းမြည်လာခဲ့တယ်။
ဖုန်းနံပတ်တွေကို ကြည့်လိုက်တော့ ကျမတို့မြင်နေကြ နာမည်တွေ မဟုတ်ပါဘူး။ နံပတ်တွေက များပါတယ်။
ဖုန်းကိုင်ပြီး မေးလိုက်တော့…ဖုန်းသံတဂျီဂျီနဲ့အတူ တိုင်းရင်းသူတယောက်ရဲ့ အသံကို ကျမ ကြားလိုက်ရတယ်။
ကျမက ဒေါ်မိုင်းဂျာပါ…တဲ့။
ကျမ ခေါင်းထဲမှာ အပြေးအလွှားစဉ်းစားလိုက်တဲ့ ဒေါ်မိုင်းဂျာ ဆိုတဲ့ အမျိုးသမီးကို ကျမ သိမသိပါ။ ချက်ခြင်းပဲ မှတ်မိသွား တယ်။ facebook ထဲမှာ ဖတ်ရတဲ့ Jade Land ရဲ့ post တခု အောက်မှာ ဆက်သွယ်မေးမြန်းနိုင်တဲ့ ဖုန်းနံပတ်တွေနဲ့ ဒေသခံတွေ အမည်ကို ရေးထားတယ်။
`ကျမတို့ရဲ့ ကချင်တိုင်းရင်းသူ ` ဒေါ်ဆွမ်လွတ်ရွယ်ဂျာကို ဖမ်းပြီးခေါ်သွားလို့ပါ။ အဲဒီအကြောင်းပြောချင်တယ်`လို့သူမက ခပ်ရိုးရိုးပဲ ပြောပါတယ်။
ကျမလည်း ထမင်းစားတာကို ချက်ခြင်းရပ်ပြီး စာရွက်နဲ့ လိုက်မှတ်ပါတယ်။ ကျမ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျင့်ထားတဲ့ လက်ရေးတိုက ဒီလိုအခြေအနေမှာ အသုံးဝင်လှပါတယ်။
`ဒေါ်ဆွမ်လွတ်ရွယ်ဂျာကို ဖမ်းဆီးထိန်းသိမ်းထားတာ ဒီနေ့ နိုဝင်ဘာလ (၁၀)ရက်နေ့ထိ ဆိုရင် ဆယ့်လေးရက်တိတိ ရှိပါပြီ။ ခုချိန်ထိလည်း ပြန်မရောက်သေးဘူးလေ သူ့အိမ်သားတွေလည်း စိတ်ပူနေကြတော့ကျမတို့လည်း ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း မီဒီယာတွေကို အကြောင်းကြားချင်တာပါ`လို့ သူမက ရှင်းပြပါတယ်။
ဒေါ်ဆွမ်လွတ်ဂျာရဲ့ အကြောင်းကို ကျမက facebook ထဲမှာ ဖတ်ရတဲ့ Jade Land ရဲက post တခုမှာဖတ်လို်က်ရတာပါ။
အဲဒီထဲမှာတော့ အောက်တိုဘာလ (၂၈)ရက်နေ့က ဒေါ်ဆွမ်လွတ်ရွယ်ဂျာနှင့် အတူတကွ သူမ၏ ခင်ပွန်းဖြစ်သူ ဦးမရူဒေါင် လွမ်း။ သူမယောက္ခထီး ဦးမရူဇေဒေါင်တို့သည် ခိုင်ဗန်ကျေးရွာအစွန်။ မို့ဘွမ်တောင်ခြေမှာ ရှိတဲကသူတို့ ပြောင်းဖူးခင်း ပြောင်းဖူးရိတ် နေရာကို စစ်သား(၃)ဦးရုတ် တရက်ရောက်ရှိလာပြီး သူတို့ ၃ ဦါ်ကို ဖမ်းခေါ်သွားကြောင်း၊ ဖမ်းခေါ်သွားစဉ်လမ်းမှာ ဦးမရူနဲ့ ဦးမရူဇေဒေါင်တို့က ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒေါ်ဆွမ်လွတ်ဂျာ (ကလေးတယောက် မိခင်)က ထွက်မပြေးနိုင်လို့ကျန်ခဲ့ကြောင်း ရေးသားထားပါတယ်။
အဲဒီ post ကို ဖတ်ပြီး ကျမ စိတ်ထိခိုက်ခဲ့ရသလို၊ စိတ်မကောင်းခြင်း ကြီးစွာနဲ့ ရင်ထဲစွဲခဲ့ရတဲ့ post ပါ။
ခုတော့ အဲဒီပို့ထဲက ဆက်သွယ်မေးမြန်းလိုလျှင်ဆိုတဲ့ နာမည်နဲ့ ကချင် အမျိုးသမီးဒေါ်မိုင်းဂျာက အဲဒီသတင်းနဲ့ပတ်သက်ပြီး ကျမကို ဆက်သွယ်လာခဲ့ပါပြီ။ ကျမက သူမကို မေးပါတယ်။ ဒီကိစ္စကို ဘယ်ကို တိုင်ထားလဲ။ ဘာတွေ လုပ်ထားလဲလို့ အရင်စမေးလိုက်ပါတယ်။
`ကျမတို့ နိုဝင်ဘာလ ၁ ရက်နေ့တုန်းကတပ်ရင်းကိုသွားပြီး တပ်ရင်းမှူးဆီကိုသွားပြီး တိုင်းထားပါတယ်။ တပ်ရင်းမှူးက ပြောတယ်။ စုံစမ်းကြည့်ဦးမယ်။ တခြား ဧည့်သည်တပ်ဖြစ်မလားဆိုတာလည်း မသိရသေးဘူး၊စုံစမ်းပြီးတော့ ရှိရင် လွတ်ပေးမယ်လို့ပြောလိုက်တယ်`လို့ သူမက ပြန်ပြောတယ်။နောက်ပြီးတော့ သူမက ဆက်ပြောတယ်။
`အဲဒါနဲ့ တပ်ရင်းမှူးဆီကလည်း အကြောင်းထူး မကြားရတာနဲ့ ကျမတို့ နိုဝင်ဘာလ ၄ ရက်နေ့မှာတော့ မြစ်ကြီးနားကို သွားပြီးတော့မြစ်ကြီးနားကကူညီပေးသူတွေရဲ့ အဆက်အသွယ်နဲ့ ပြည်နယ်ဝန်ကြီးချုပ်ဆီကိုလည်း ဒီကိစ္စကို စုံစမ်းပြီး ဆောင်ရွက်ပေးဖို့ အသနားခံစာတင်ထားပါတယ်၊ခုထိတော့ တပ်ရင်းမှူးဆီကလည်း အကြောင်းမထူးသေးဘူး။ ပြည်နယ် ဝန်ကြီးချုပ်ဆီကို စာတင်တာလဲ အကြောင်းမထူးသေးဘူး၊ အိမ်သားတွေ တော်တော်စိတ်ထိခိုက်နေပြီ။ ကျမတို့လည်း စိတ်ထိခိုက်နေကြတယ်`လို့ သူမက ဖုန်းထဲကနေ ပြောတယ်။
ဖုန်းလိုင်းမကြည်တဲ့အတွက် အသံတွေက ပြတ်တောက်ပြတ်တောက်နဲ့ပါ ဒါပေမဲ့ ကျမက မကြားရဘူး အမရေလို့ ပြောရင် သူက ကြိုးစားပန်းစားနဲ့ နှစ်ခါ သုံးခါ ပြန်ပြီးပြောပြပါတယ်။
ခုဆို သူ့အိမ်သား ခင်ပွန်းဖြစ်တဲ့သူက သူ့မိန်းမရဲ့ သတင်းစကားတွေအမျိုးမျိုးကြားနေရလို့ စိတ်နောက်နေတယ်။ အမေနဲ့အဖေအိုကလည်း စိတ်ထိခိုက်ပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူး။ တနှစ်ကျော်အရွယ် ကလေးကလည်း အမေပျောက်ကို ရှာပြီး အီပြီး ငိုနေတာ နေ့တိုင်းပဲ လို့ ပြောရင်း စိတ်မကောင်းဖြစ်တဲ့ အသံနဲ့ အသံဟာ တိမ်ဝင်သွားတယ်။
ကျမကသူမကို မေးတယ် အမက ဒေါ်ဆွမ်လွတ်ရွယ်ဂျာနဲ့ ဘာတော်လဲ၊ ဘာဖြစ်လို့လိုက်လုပ်ပေးနေတာလဲ လို့လေ။
သူမက ပြောပါတယ်။ “သွေးသားဆွေမျိုးစပ်ရင်တော့ ဘာမှ မတော်ဘူး၊ ဒေသခံအချင်းချင်းပေါ့။ ကျမက ဒီဒေသက ကချင်အမျိုးသမီးတွေရဲ့ စွမ်းရည်မြှင့်တင်ရေးတွေ ဘာတွေလုပ်ခဲ့ဖူးတော့ မနေနိုင်လို့ ဝင်ကူညီပေးတဲ့သူပါ။
ကျမမှာလည်း မိသားစုရှိတယ်”လို့ သူမက ပြောတယ်။
ဖုန်းလိုင်းက တကျီကျီမြည်ရင်း ဘာမှ မကြားရပြန်ဘူး။ မကြားရဘူး မကြားရဘူး လို့ကျမက ဆက်တိုက်ပြောနေမိတယ်။ နောက်တော့သူမရဲ့ အသံကို ပြန်ကြားရတယ်၊ ဒီခြားထဲမှာသူမ ဘာတွေ ပြောခဲ့လဲ့ကျမ မသိတော့ဘူး။ ပြီးတော့ သူက ဦးမရူးအကြောင်းကို ဆက်ပြောပါတယ်။
`ဒီဦးမရူးက အရင်က တပ်မတော်သားဟောင်းပါ ၊ နေဦး ကျမ ခေါ်လိုက်လို့ သူဒီကိုလာနေတယ် သူ့ကို သေချာအောင် မေးပေးမယ်`ဆိုပြီး မေးသံကြားရတယ်။ တပ်မတော်သားဟောင်းလို့ ပြောတဲ့အတွက် ကျမ တော်တော်အံ့ဩမိသွားတယ်။
`ဦးမရှူးက မအူပင်တပ်ကတဲ့ သူ့တပ်ကခလရ ၂၇ ပါ၊ ၁၉၆ဝ ကျော်လောက်ကနေ ၁၉၆၇ ထိ တာဝန်ထမ်းဆောင်ခဲ့တယ် လို့`လို့ သူမက ပြောပါတယ်။
ကျမက ဆက်မေးကြည့်တယ်။ `တကယ်လို့များ အခုအမတို့တိုင်ထားတဲ့ တပ်ရင်းမှူးဆီကနေလည်း အကြောင်းမထူဘူး၊ ပြည်နယ်ဝန်ကြီးချုပ်ဆီကလည်း အကြောင်းမထူးရင် ဘာဆက်လုပ်မှာလဲ`လို့ မေးဖြစ်ပါတယ်။
“ကျမတို့ သမ္မတကြီးဆီထိ အသနားခံစာတင်ချင်ပါတယ်။ ဒီလို တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ပျက်ပြားစေမဲ့ ကိစ္စ တွေကို ကျူးလွန်နေတာတွေကို သေချာစစ်ဆေး၊ အရေးယူပေးဖို့လည်း တောင်းဆိုချင်တယ် ကျမတို့အနေနဲ့ ပြည်သူ့တပ်မတော်ဟာ နိုင်ငံတော်အစိုးရရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်လာစေဖို့ ဆောင်ရွက်နေတယ်ဆိုရင် အပြစ်မရှိတဲ့ ဒီအမျိုးသမီး၊ နို့စို့အရွယ် ကလေးမိခင်၊ တိုင်းရင်းသူကို ပြန်လွတ်ပေးဖို့ မျှော်လင့်ပါ တယ်။ အဲလိုပဲ တောင်းဆိုချင်ပါတယ်” လို့ သူမက ပြောပါတယ်။
ကျမက သူမကို မေးတယ်။ အမနာမည်ကို ကျမ ရေးလို့ရမလားလို့မေးတော့ ရပါတယ်တဲ့။ အဲဒီလို ပြောရင်း ဖုန်းက ကျသွားတော့တယ်။ကျမလည်း တော်တော်လေး စိတ်မောသွားခဲ့တယ်။ ထမင်းလည်း ဆက်စားလို့မရတော့ပါဘူး။
ပြီးတော့ သူတိုင်းစာနဲ့ အသနားခံစာပို့ထားတယ်ဆိုတဲ့ တပ်ရင်းမှူးဆီကို ဆက်သွယ်မေးမြန်းဖို့လည်း ကျမ စဉ်းစားကြည့် တယ်။
ဒီနေ့ မေးလို့မရရင်တောင် နောက်နေ့တွေမှာ ဆက်မေးကြည့်ရင်ကောင်းမယ်လို့ စဉ်းစားထားတယ်။
ကျမအနေနဲ့ ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေအားလုံးကို လေးစားစိတ်ရှိပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ပျက်ပြားစေတဲ့အပြင်၊ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတဲ့လုပ်ရပ်တွေ ရှိခဲ့ရင် အချိန်မီထိနိးသိမ်းနိုင်ဖို့ လိုပါတယ်။ ခုန အမျိုးသမီးပြောသလို တိုင်တဲ့စာ အသနားခံတဲ့ စာတွေနဲ့ ပတ်သက်ပြီး တပ်ရင်းမှူးရော၊ ပြည်နယ်ဝန်ကြီးချုပ်ကပါ အလေးထားပြီးဆောင်ရွက်ပေးသင့်တဲ့ကိစ္စလို့ပဲ မြင်လိုက်မိပါတယ်။
တကယ်လို့များ ဒီကိစ္စမဟုတ်ခဲ့ရင်လည်း မဟုတ်ခဲ့ကြောင်း တရားဝင်သတင်းစာရှင်းလင်းပွဲလုပ်သင့်တဲ့ ကိစ္စတခုပဲလို့ ကျမ မြင်မိပါတယ်။
ကျမ ဒီစာကို ဘယ်ဂျာနယ်ကို ပေးရမလဲ။ စာပေစီစစ်ရေးကကော လွတ်ပေးပါ့မလား။ ကျမခေါင်းထဲမှာ နောက်ကျိနေတယ်။ နောက်ဆုံးတော့ စာပေစီစစ်ရေးက လွတ်ခြင်း မလွတ်ခြင်းဟာ ကျမစဉ်စားရမဲ့ ကိစ္စ မဟုတ်ဘူးလို့လည်း တွေးလိုက်မိပါ တယ်။
မေသကြင်္န်ဟိန်း(မြစ်မခ)
တူညီတဲ့ နိုင်ငံရေးရပိုင်ခွင့်တွေ မရှိရင် ကျွန်တော်တို့ရဲ့ နုံချာနိမ့်ကျမှုဟာ အမြဲတမ်းတည်မြဲနေပါလိမ့်မယ်။ (Long Walk to Freedom by Nelson Mandela)