အောက်တိုဘာလ ၂၉ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အဝင်နားရှိ နှစ်ရှည် သံတံတားမှာ ယခုလ ၂၅ရက်နေ့က ကျိုးကျသွားခဲ့ပြီးနောက် လှိုင်းဘွဲဒေ သခံ ရပ်မိရပ်ဖများ ဦးဆောင်ကာ ယာယီ ဆောက်လုပ်ထားသည့် တံတားငယ်များကို ဒေသခံများက ဖြတ်သန်းခပေး၍ သွား လာနေရသည်ဟု သိရသည်။

“အခု ဆိုင်ကယ်ဖြတ်လို့ရတဲ့ တံတားကလည်း အခွန်ပေး(ငွေ)ဆောင်နေရတော့ လူတွေလည်း သယ်ရပိုးရတာတွေ များပြီး အကုန်အကျတွေလည်း များတယ်။ အခု လောလောဆယ်တော့ ထိုင်းဘက်ကနေ ရေကြီးလို့ ပြန်လာတဲ့သူတွေကလည်း သိပ် များနေတော့ သွားလာဖို့ ဒုက္ခတွေ ဖြစ်နေကြလို့ ယာယီ ဆောက်ထားတာ။”ဟု ၎င်းက ပြောသည်။
တံတားဖြတ်သန်းခကို တည်ဆောက်ပေးခဲ့သည့် ရပ်မိရပ်ဖများက ကောက်ခံခဲ့ခြင်းဖြစ်ပြီး ရရှိလာသည့် ငွေများကို လှိုင်းဘွဲမြို့ ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများအတွက် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဟု ဒေသခံများက ပြောဆိုကြသည်။
သက်တမ်းနှစ် ၁၀ဝကြာမြင့်ပြီဖြစ်သည့် ၎င်းသံတံတားမှာ အောက်တိုဘာလ (၂၄)ရက်နေ့ညက အလိုလို ကျိုးကျပျက်စီးသွားခဲ့ ပြီး လူအများ သွားလာနိုင်သည့် ယာယီ တံတားဆောက်လုပ်သွားရန် ဒေသအာဏာပိုင်များနှင့် ရပ်မိရပ်ဖများက ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြပြီးဖြစ်သော်လည်း မည်သည့်အချိန်တွင် စတင် တည်ဆောက်မည်ကို မသိရှိရသေးချေ။
ဂျပန်ခေတ်က တံတားဟု ဒေသခံများက ခေါ်ဆိုနေသည့် အဆိုပါ သံတံတားမှာ လှိုင်းဘွဲချောင်းကို ဖြတ်ကာတည်ဆောက် ထားခြင်းဖြစ်သည်။


















