ဇူလိုင်လ ၂၆ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သကင်္န်းညီနောင် အခြေစိုက် အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံ ခမရ(၃၅၇)တပ်ရင်းမှ တပ်သား စိုင်းအိုက်စံသည် ယမန်နေ့က ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)ထံသို့ ထွက်ပြေးရောက်ရှိလာသည်။

“ကျနော်ရှေ့တန်းထွက်တာ ၅လကျော်ပဲ ရှိသေးတယ်။ ရောက်လာကတည်းက ထမင်းပဲချက်တယ်။ ကင်းစောင့်တော့လည်း သူများ သေနတ်ပေးမကိုင်ဘူး။ တပ်ထဲမှာ ဆက်မနေချင်တော့လို့ ထွက်ပြေးတာပါ။”ဟု တပ်သား စိုင်းအိုက်စံက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၁ဝခုနှစ်က မန္တလေး စစ်သားစုဆောင်းရေးတပ်တွင် စုဆောင်းခံရသူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဇာတိ စိုင်းအိုက်စံက ခမရ(၃၅၇)တပ်ရင်းတွင် အသက် ၁၄-၁၅နှစ်အရွယ် ကလေးစစ်သား ၁ဝဦးကျော်ရှိသည်ဟု ပြောဆိုပြီး ၎င်းအနေဖြင့် ရှေ့ဆက်တွင် သာမန်အလုပ်ဖြင့်သာ လုပ်ကိုင်နေထိုင်သွားတော့မည်ဟု ဆိုသည်။
ကေအဲန်ယူ တပ်မဟာ(၇)တွင် ယခုလ ဇူလိုင်လအတွင်း အစိုးရစစ်သည်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ဝဦးကျော် ထွက်ပြေး ရောက်ရှိလာပြီး ထိုအထဲတွင် မြန်မာအစိုးရစစ်သည် ၄ဦး ပါဝင်သည်ဟု ကေအဲန်ယူ တပ်မဟာ(၇)၏ စာရင်းအရ သိရသည်။


















