(တူမောင်ညို )
(၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
– ကချင်ပြည်နယ်အထူးဒေသ (၂) KIO (လိုင်စင်)
– ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP (ပန်ဆန်း)
– ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA (မုံးလား)
အပစ်ရပ်ထားကြတာလည်းတူတယ်။
နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းရေး လက်မခံနိုင်ကြတဲ့ကိစ္စမှာလည်း တစ်စုံတစ်ရာ တူညီမှုတွေ ရှိနေတယ်။
တရုတ်နယ်စပ်ကို ကျောပေးထားကြတာခြင်းလည်း တူတယ်။
ဒါပေမယ့် ဘာဖြစ်လို့ (KIO)ကိုကွက်ပြီး စစ်ရေးဖိအားတွေ တိုးပေးလာရတာလဲ။
အပစ်အခတ်ရပ်စဲရေး (ငြိမ်းချမ်းရေး) လုံးလုံးလျားလျား ပျက်သုဉ်းသွားပြီဆိုတာကို ဖော်ပြချင်တာလား။
“အမာကိုရှောင် အမွကိုတိုက်” ဆိုတဲ့ စစ်ပရိယာယ်လား။
တရုတ်အစိုးရနဲ့(MoU)ထိုးထားတဲ့ “ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူ-ယူနန် ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက် လိုင်းစီမံကိန်း၊ မူဆယ်- ကျောက်ဖြူ ရထားပို့ဆောင်ရေးစနစ် စီမံကိန်း၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အတွင်းက အထွေထွေ ကုန်ထုတ်လုပ်ရေး စီမံကိန်း”တွေအတွက် ရည်ရွယ်ပြီး ရှင်းလင်းရေးလုပ်သလား။
သမ္မတ ဦးရှစ်လုံးပြောတဲ့ “ငြိမ်းချမ်းရေးမယူသေးသည့် အဖွဲ့ (၂)ဖွဲ့”နဲ့ ပူးပေါင်းသွားတဲ့ ၃ဖွဲ့ထဲမှာ (KIO) ပါနေတာကြောင့်လား။ ဒီလိုဆိုရင် (KIO) နဲ့“ ငြိမ်းချမ်းရေး”ယူထားတာပျက်သွားပြီဆိုတဲ့သဘောပေါ့။
တင်းမာမှုက သေနတ်သံထွက်ရုံတင်မကဘူး၊ နှစ်ဖက်သေဆုံးထိခိုက်ဒဏ်ရာရတဲ့အဆင့်ထိ ဒီဂရီတိုးလာနေတယ်။
“နှစ်နိုင်ငံနယ်စပ်မှာ ကီလိုမီတာ ၂၀၀၀ကျော် ရှည်လျားပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးမှာ များစွာ အရေးကြီးပါကြောင်း”ဆိုပြီး တရုတ်သမ္မတဟူက သမ္မတဦးသိန်းစိန်ကို ပြောလိုက်တာ ရက်ပိုင်းမျှ (၁၆ ရက်ခန့်)သာ ရှိပါသေးတယ်။
အပစ်ရပ်တဲ့ကိစ္စမှာ (KIO) ဟာအခြားအဖွဲ့များနဲ့မတူတဲ့ခြားနားမှုတွေရှိပါတယ်။
အပစ်အခတ်ရပ်စဲဖို့ (နဝတ)စစ်အစိုးရနဲ့ အကြာဆုံး ဆွေးနွေးတဲ့အဖွဲ့ဟာ (KIO) ဖြစ်ပါတယ်။ ၄ နှစ်နီးပါးလောက် ကြာပါတယ်။
အပစ်အခတ်ရပ်စဲရေးအတွက် (KIO)နဲ့ (နဝတ)စစ်အစိုးရ ၁၉၉ဝ ပြည့်နှစ်မှာဖြစ်ပါတယ်။ အငြိမ်းစား သံအမတ်ကြီး ဦးလဝမ်၊ သိက္ခာတော်ရ ဆရာတော် ဦးဇဘွဲကျွံနဲ့ ဦးခွန်မြတ်တို့က ဆက်သွယ်ပေးမှုနဲ့ ကြူကုတ် (ပန်ဆိုင်း)မှာ စတင် ဆွေးနွေးတာပါ။ အဲဒီကာလမှာ (KIO)နဲ့ အပစ် အခတ် မရပ်စဲနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ရှမ်းပြည်နယ်ထဲမှာရှိတဲ့ (KIO)ရဲ့ တပ်မဟာ(၄)နဲ့ ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီ (၁၃) ရက်နေ့မှာ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ တပ်မဟာ (၄)ရဲ့ ဒုတိယတပ်မဟာမှူး ဦးမထုနော်နဲ့ (ရမခ) တိုင်းမှူးတို့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေး သဘောတူခဲ့တာ ဖြစ်ပါတယ်။ တပ်မဟာ(၄)က “ကောင်ခါး”ကို ဌာနချုပ်လုပ်ထားပါတယ်။
၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်နေ့၊ လားရှိုးမြို့မှာ (ရမခ)တိုင်းမှူး၊ ဒုတိယတပ်မတော်ထောက်လှမ်ရေး ညွန်ကြားရေးမှူး ဗိုလ်ချုပ် ကျော်ဝင်းတို့နဲ့ (KIO) က ဒေါက်တာလဂျာ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးကြပါတယ်။
ဒါပေမယ့် ၁၉၉၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၄ရက်နေ့မှ “ငြိမ်းချမ်းရေးသဘောတူညီချက်”လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီပွဲကို ဗိုလ်ချုပ်ဇော် မိုင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ တက်ပါတယ်။
နောက်ထပ် ထူးခြားချက်တစ်ခုက (KIO)ကိုယ်စားလှယ်က “အမျိုးသားညီလာခံ”မှာ တက်တက်ကြွကြွ ပါဝင်တက်ရောက် ဆွေးနွေးတာပါ။ ဒါ့အပြင် မြစ်ကြီးနားမှာ ပြုလုပ်တဲ့ ကြံ့ဖွံ့အသင်းကလုပ်တဲ့ “လူထုအစည်းအဝေးပွဲ”ရဲ့ သဘာပတိစင်မြင့်ပေါ်မှာ အဲဒီကိုယ်စားလှယ်ကြီးကို ဦးစခုန်တိန့်ယိန်းနဲ့အတူ တွေ့ရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ရဲ့အခြေခံမူများနဲ့ အသေးစိတ်အခြေခံရမယ့်မူတွေပါတဲ့ မော်ကွန်းမှတ်တမ်းဆိုတဲ့ စာအုပ်ကိုလည်း အဲဒီ ကိုယ်စားလှယ်ကြီးကပဲ ထိုစဉ်က ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန် (ယခု သမ္မတ)ထံ အပ်နှံနေတဲ့ပုံကို ၂၀၀၇ခုနှစ်၊ စက်တင်ဘာလ ၃ရက်နေ့ နေ့စဉ်ထုတ် သတင်းစာတွေမှာ တွေ့နိုင်ပါတယ်။
နောက်တော့ အဲဒီကိုယ်စားလှယ်ကြီးဟာ (KIO)ကထွက်ပြီး နိုင်ငံရေးပါတီထောင်ဖို့ ကြိုးစားပါတယ်။
သိန်းစိုးကော်မရှင်က“တည်ထောင်ခွင့်”ပင် မပြုခဲ့ပါဘူး။ ၂၀၁၀ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်အရွေးချယ်ခံဖို့ ထပ် မံ ကြိုးစားခဲ့ပါတယ်။ ဒါကိုလည်း သိန်းစိုးကော်မရှင်က ခွင့်မပြုပါဘူး။
နောက်ဆုံးမှာတော့ မြစ်ကြီးနားမှာရှိတဲ့ ကြံ့ဖွံပါတီထဲ မြို့မိမြို့ဖအဖြစ် ဝင်ရောက်ဖို့ လျှောက်ထားခဲ့ပါတယ်။
ကြည့်ရတာ “ကြံ့ဖွံ့ပါတီ”က ဘာမှတုန့်ပြန်ပုံ မပေါ်ပါဘူး။
နောက်ထူးခြားချက်တစ်ခုကတော့ ၂၀၁ဝ နိုဝင်ဘာ (၄) ရက်နေ့မှာဖွဲ့စည်းတဲ့ “ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ (CEFU)”မှာ ဥက္ကဋ္ဌအဖြစ် (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လပါဝင်လာတာကို တွေ့ရပါတယ်။ အဲဒီဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေး ကော်မတီ (CEFU)ဟာ ၂၀၁၁၊ ဖေဖေါ်ဝါရီလထဲမှာ “ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)”အဖြစ် ယခုအခါ ပြင်ဆင်ဖွဲ့ စည်းထားပြီး ဖြစ်ပါတယ်။
(UNFC) ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အခန်း (၂) ၊ ပုဒ်မ (၆) –
(ဂ) စစ်အာဏာရှင်အုပ်စုက UNFC အဖွဲ့ဝင်အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နိုင်ငံရေးအရ ဖိတ်ခေါ်ကမ်းလှမ်းလာလျှင် တဖွဲ့ချင်းအနေဖြင့် တွေ့ဆုံဆွေးနွေးမှု မပြုရန်နှင့် UNFC အနေဖြင့်သာ စုစည်းဆွေးနွေးရန်။
(ဃ) နိုင်ငံရေးအရဖြစ်စေ၊ သဘောတရားရေးအရဖြစ်စေ ရန်/ငါစည်း ပြတ်သားမှုရှိခြင်း။
အခန်း (၄) ပုဒ်မ (၁၄) –
(ဆ) ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တဖွဲ့ကို စစ်အာဏာရှင်အုပ်စုက ကျူးကျော်တိုက်ခိုက်ခြင်းများ ပြုလုပ်လာလျှင် ကျန် ဖက်ဒရယ် ကောင်စီအဖွဲ့ဝင်များက ဖက်ဒရယ်ကောင်စီ၏ ဆုံးဖြတ်ညွှန်ကြားချက်များအရ လိုက်နာဆောင်ရွက်သွားကြရမည်။
စသဖြင့် ဖေါ်ပြပါရှိပါတယ်။ (UNFC)တွင် အပစ်ရပ်အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ (KIO)တို့ ပါဝင်ပါတယ်။
နောက်ဆုံး တင်ပြလိုတဲ့အချက်ကတော့ ဒီလိုစစ်ရေးတင်းမာမှုတွေ ဖြစ်လာနေတာကို ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း အသီးသီးက ဘယ်လိုပါဝင်ဆောင်ရွက်ကြမလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။
ကိုယ့်ပြဿနာကိုယ်ရှင်းဆိုပြီး သီးခြားကင်းလွတ်စွာ နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။
၂၀၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ/ ရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့လည်း ဒီကိစ္စတွေကို အလေးထား ကိုင်တွယ်ဖြေရှင်းရမယ့် တာဝန်ရှိပါတယ်။
“နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး”က သာကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာအ ဖြစ် သတ်မှတ်ပိုင်းခြားထားလို့ (လုံးဝ)မဖြစ်နိုင်ပါဘူး။
ဒါဟာ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်ပြဿနာ။
တိုင်းရင်းသားလူမျိုးများအရေးနဲ့ဆိုင်တဲ့ နိုင်ငံရေးပြဿနာ။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဘောင်ထဲက ဖြေရှင်းလို့မရတဲ့ ပြဿနာအဖြစ် ဖေါ်ပြနေတာလည်း ဖြစ်တယ်။


















