မေလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဝင်းမောင်းကျေးနယ်တွင် အခြေစိုက်သော အစိုးရစစ်တပ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခလရ(၉၆)သည် KNLA တပ်များ၏ မကြာခဏ ချုံခိုတိုက်ခိုက်ခံရ၍ ထိုဒေသရှိ ရွာသူရွာသားများအား ညနေ ၆နာရီမှစ၍ အပြင်မထွက်ရန် မေလ ဒုတိယပတ်ကတည်းက စတင် အမိန့်ထုတ်ထားခဲ့သည်။
မေလ ၈ရက်နေ့က KNLA တပ်သားတစ်ဦးသည် ကျွန်းပင်ဝင်းရွာသားတဦးနှင့်အတူ ဝင်းမောင်းကျေးရွာရှိ လက်ဖက်ရည်ဆိုင် တစ်ခုတွင် ဆိုက်ကယ်ဖြင့် လာရောက်၍ လက်ဖက်ရည်သောက်နေစဉ် ဆိုင်တွင်းရောက်ရှိနေသည့် အစိုးရစစ်သားတစ်ဦးကို ပစ္စတိုဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း ရွာသားများအား အခုလို အပြင်မထွက်ရန် အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီကို ပြောသည်။
“လက်ဖက်ရည်ဆိုင်ထဲမှာ အပစ်ခံရတဲ့စစ်သားဟာ ခြေဖဝါးပေါက်သွားတယ်။ ပစ်တဲ့သူကတော့ တခါတည်း ဆိုင်ကယ်မောင်း ထွက်သွားတာပဲ။ သူတို့(စစ်တပ်)တွေ ဒီလို အပစ်ခတ်ခံရတော့ ဝင်းမောင်းကျေးနယ်အုပ်စုထဲက ရွာကလူတွေကို ညနေ ၆နာရီ ကစလို့ အပြင်မထွက်ရလို့ အမိန့်စထုတ်တော့တာပဲ။”ဟု ၎င်းဒေသခံက ပြောဆိုသည်။
ထိုအဖြစ်အပျက်ကို အခြေခံ၍ အဆိုပါစစ်တပ်က မိမိတို့ရဲဘော်တစ်ဦးသေလျှင် ကျွန်းပင်ဝင်းရွာသားလည်း တစ်ဦးသေရမည်ဟု ကြိမ်းဝါးခဲ့သည့်အပြင် လက်ရှိအချိန်၌ အစိုးရစစ်တပ်မှ ဝင်းမောင်းရွာရှိ ၎င်းတို့၏ လက်နက်ကြီးများကို ကျွန်းပင်ဝင်းရွာဘက်သို့ ဦးတည်ထားလျှက်ရှိပြီး တစုံတရာဖြစ်ပါက ရွာအတွင်း အချိန်မရွေး ပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။
ထို့အပြင် ဝင်းမောင်းရွာ အခြေစိုက် အစိုးရစစ်တပ်သည် ၎င်းတို့တပ်ဖွဲ့ အပစ်ခံရစဉ် ၎င်းလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေသည့် ဝင်းမောင်းရွာသားတစ်ဦးကိုလည်း ဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရ သည်။
ဖာပွန်မြို့နယ်၊ ကျွန်းပင်ဝင်းကျေးရွာတွင် အစိုးရစစ်တပ်နှင့် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ ဝင်ထွက်သွားလာလျှက်ရှိပြီး အဆို ပါပစ်ခတ်မှုအပေါ် ကေအဲန်အယ်လ်အေ တပ်မဟာ(၅)ကို ကေအိုင်စီမှ ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။
ပြီးခဲ့သည့်အပတ်က မလေးကျောက်ရွာအောက်ဘက် တောယော်ထာ့နေရာတွင် တပ်မှူးတစ်ဦး မြေမြှုပ်မိုင်းတစ်လုံးနင်းမိ သေ ဆုံးပြီး ထိုနေ့တဆက်တည်းပင် ကျွန်းပင်ဝင်း(ဖို့ခဲထာ့)ကျေးရွာဘက်သို့ ပြန်အဆင်း ထို့တလေးထာ့နေရာတွင် KNLA တပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုခံရကာ တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည့်အပေါ် ဒေသခံများအား ယခုလို အကြပ်ကိုင် ဖိအားပေးမှု များပြား လာခြင်းဖြစ်သည်။
၎င်းဒေသတွင် လှုပ်ရှားနေသည့် ခလရ(၉၆)သည် ယခုနှစ် ဇန်နဝါရီလမှ ဧပြီလကုန်အထိ ဖာပွန်မြို့နယ်အတွင်းရှိ ဝင်းမောင်း (ဝါ့မူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊ မိကျောင်းဝင်း(ကွီးတမာ့)၊ သရက်ပင်ဆိပ်(ညာဆာ့ဝေါ်ထာ့)၊ ဝါ့မီခို့၊ ဝါးဘိုးတော(ဝါ့သိုးကလား)၊ မလေးကျောက်(မလေးလယ်)၊ မဲချို၊ သေ့ဆာခီးနှင့် မဲတယ် ကျေးရွာများကို တပ်ရိက္ခာများ ထမ်းပေးရန်အတွက် အဓမ္မခိုင်းစေခဲ့ သည်။


















