မေလ ၂၈ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
၂၀၁၁ခုနှစ်အတွက် ပဒိုမန်းရှာလူ ငယ်ခေါင်းဆောင်ဆုကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေရှိ ဘိတ်-ထားဝယ် ခရိုင်၏ ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဦးစီးလုပ်ဆောင်နေသည့် နော်ဒီဇင်ဘာဖော ၂၆နှစ်အား ပေးအပ်ချီးမြှင့်လိုက် ကြောင်း ဖန်းဖောင်ဒေးရှင်းမှ ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါဆုကို နှစ်စဉ် ကရင်အမျိုးသားတော်လှန်ရေးနေ့တွင် ပေးအပ်လာခဲ့သော်လည်း ယခုနှစ်တွင်မူ ကေအဲန်ယူ ထိန်းချုပ် နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်သည့် ၈ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲတွင် ဖန်း ဖောင်ဒေးရှင်း တည်ထောင်သူထဲမှ စောစေးစေးဖန်းက နော်ဒီဇင်ဘာဖောအား မေလ ၂၇ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုနေ့တွင် ဆုရှင်ကို ဖန်းဖောင်ဒေးရှင်းမှ နမ့်ဘွားဘွားဖန်းက ကြေညာခဲ့ပြီး ဆုချီးမြှင့်မှုနှင့် ပတ်သက်၍ “ဒီဆုဟာ လူငယ် ခေါင်းဆောင်ဆု ဖြစ်တာမို့ ကိုယ့်လူထုအတွက် လုပ်ဆောင်ပေးနေရုံတင် မဟုတ်ဘဲ ကိုယ့်လုပ်ငန်းအပေါ်မှာ ဘယ်လောက်အ ထိ ဦးဆောင်နိုင်သလဲဆိုတာကိုလည်း အဓိကထား ရွေးချယ်ပါတယ်။”ဟု ပြောဆိုသည်။
ယခုနှစ်တွင် ဖန်းဖောင်ဒေးရှင်းထံသို့ လူငယ် ၆ဦးကို သက်ဆိုင်ရာ ဒေသတာဝန်ခံများမှ အဆိုတင်သွင်းလာခဲ့ပြီး ထိုအထဲမှ ထားဝယ်မြို့နယ်ရှိ ခရိုင်ဆေးရုံတာဝန်ခံ အမျိုးသမီးလူငယ် နော်ဒီဇင်ဘာဖောကို ရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဆုငွေကို အမေရိကန်ဒေါ်လာ ၂,၀၀ဝ ပေးအပ်ခြင်းဖြစ်ပြီး ရရှိလာသည့်ဆုငွေကို အသုံးချသွားမည့်အပေါ် ဆုရရှိသူ နော်ဒီဇင် ဘာဖောက ယခုလို ပြောသည်။
“ကျမ ဒီဆုကို ရရှိမယ်လို့ မထင်ထားဘူး။ အခုရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကျမတို့ဒေသမှာ ပြည်တွင်းဒုက္ခသည်တွေ ရှိပါတယ်။ အဲဒီမှာ ကျောင်းတွေရှိပါတယ်။ ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးအတွက် ပြန်ကူညီချင်တယ်။ ပြီးတော့ ကျမတို့ခရိုင်အတွင်းမှာ စစ်သင်တန်းတို့ အခြားပညာပေးသင်တန်းတွေမှာ ကူညီပေးချင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
နော်ဒီဇင်ဘာဖောကို ကော်သူးလေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUK)မှ စည်းရုံးရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ စောလေစေးက အဆိုတင်သွင်းခဲ့ပြီး ထားဝယ်ခရိုင်အတွင်းရှိ ထီးမိုပွာအထူးဒေသ အတွင်းရေးမှူး စောကြည်ဒို့က ထောက်ခံ ပေးခဲ့ခြင်းဖြစ်သည်။

ဖန်းဖောင်ဒေးရှင်းသည် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း အနစ်နာခံကာ ဦးစီးလုပ်ဆောင်နေသည့် အသက် ၃၅နှစ်အောက် ကရင်လူငယ်များအား ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ၂၀၀၉ခုနှစ်ကတည်းက စတင် ပေးအပ်လာခဲ့ရာ ညောင်လေးပင် ခရိုင်မှ နော်ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ စောညွှန့်ဝင်းနှင့် ဘိတ်-ထားဝယ်ခရိုင်မှ နော်ဒီဇင်ဘာဖောတို့အား ဆုရှင်များအ ဖြစ် ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။
ဖန်းဖောင်ဒေးရှင်းကို ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီးဖြစ်သူ နမ့်ကျင်ရွှေတို့အား ရည်စူး၍ သားသမီးများဖြစ်သူ စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စလုံ့ဖန်းတို့က ဖခင်ကွယ်လွန်သည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့တွင် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ဆင်းရဲမွဲတေမှုကို လျှော့ချရန်၊ ပညာရေးကို ဝေငှကူညီ သွားရန်၊ လူ့အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် ကရင့်ယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်သွားရန် ရည်ရွယ်ချက်ဖြင့် စတင် တည်ထောင်ခဲ့သည်။
ကရင်ပြည်နယ် နယ်စပ်တလျှောက်တွင် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်လူမှုအဖွဲ့ အစည်းအချို့ကို ဖန်းဖောင်ဒေးရှင်းက ၂၀၁၁ခုနှစ်အတွက် စတာလင်ပေါင် ၈,၀၀ဝ ထောက်ပံ့ကူညီခဲ့သည်။