မေလ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ၅ခုအတွင်းရှိ လှုပ်ရှားနေသည့် မြန်မာစစ်တပ်များက လေးလတာ ကာလအတွင်း ကရင်ပြည်သူ ၂ထောင်ကျော်အား အကာအကွယ်အဖြစ် အသုံးပြုကြောင်း KNU က ယနေ့ မေလ ၂၆ရက် နေ့စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။
၂၀၁၁ခုနှစ် ဇန်နဝါရီလမှစ၍ ဧပြီလကုန်အထိ အဆိုပါ ခရိုင် ၅ခုမှ မြန်မာစစ်တပ်၏ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံနေရသူများသည် စစ်တပ်အတွက် အကာအကွယ်အဖြစ်သော်လည်းကောင်း၊ မိုင်းရှင်းပေးသူ အဖြစ်သော်လည်းကောင်း အသုံးပြုခံရကာ ထိုအထဲ၌ ရွာသားပေါင်း ၂,၀၅၁ဦး ပါဝင်ပြီး ၁,၂၂ဝဦးသည် အမျိုးသမီးများဖြစ်သည်ဟု ကြေညာချက်ထဲ တွင် ဖော်ပြထားသည်။
KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အခုအစိုးရကတော့ ဒီမိုကရေစီဘက်ကို ဦးတည်သွားမယ်လို့ ပြောပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွတ်ပေးသေးသလို တိုင်းရင်းသားဒေသမှာလည်း ထိုးစစ်တွေ ရပ်သွားတာ မရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို အကြမ်းဖက်မှု၊ ကလေးပါမကျန် တပ်ရိက္ခာ ထမ်းခိုင်းမှု၊ ခိုင်းလို့ မတတ်နိုင်ဘူးဆိုရင် အကြပ်ကိုင်ပြီး ရွာသားတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီး၊ ယာခင်းမီးရှို့ စတာတွေ လုပ်လာတဲ့အပေါ်မှာ အများက အဖြစ်မှန် တွေကို သိဖို့ဆိုပြီး ကျနော်တို့ ဒီကြေညာချက်ကို ထုတ်ရတာပါ။”ဟု ကေအိုင်စီကို ပြောသည်။
ဆက်လက်၍ သူက ယခုအချိန်၌ မြန်မာပြည်အခြေအနေသည် မြန်မာအစိုးရပြောသလို ကုလသမဂ္ဂအထူးသံတမန်ရေးက တိုးတက်မှုရှိကြောင်း မြင်သော်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်က ၎င်းရရှိသည့်အချက်အလက်များအရ မပြောင်းလဲသေးကြောင်း ပြောသည်။
ထို့အပြင် နိုင်ငံတကာရှိ နိုင်ငံဆယ်နိုင်ငံကျော်က တောင်းဆိုထားသည့် လူသားမျိုး နွယ်ပေါ်မှာပြုသည့် ပြုမူမှုနှင့် ပတ် သက်ပြီး စုံစမ်းစစ်ဆေးရန် KNUအနေဖြင့် လုပ်သင့်ကြောင်းကို ကမ္ဘာက သိအောင် တင်ပြရခြင်းနှင့် အမေရိကန်၊ အီးယူ ဥရောပနိုင်ငံတို့မှ ပုဂ္ဂိုလ်များ သတိထားနိုင်အောင် သတင်းအမှန်ပေးခြင်းဖြစ်သည်ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ရက်၌ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ် ခလရ(၉၆)သည် နေရာ အပြောင်းအလဲပြုလုပ်နေစဉ် အထိုဒေသရှိ မယ်ဝေကျေးရွာမှ အမျိုးသမီး ၇ဦးနှင့် အမျိုးသား ၁ဦးကို အတင်းအဓမ္မခေါ် ဆောင်သွားပြီး ၎င်းအမျိုးသမီးထဲတွင် အသက်(၃)နှစ်နှင့် အသက်(၂)နှစ်အရွယ် ကလေးနှစ်ဦးလည်း ပါဝင်သည်ဟု ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။
ထို့အပြင် ထိုတနေ့တည်း၌ပင် မြန်မာစစ်တပ် တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၄)တပ်ရင်းမှူး မောင်မင်းလှသည် ဖာပွန်ခရိုင် ထိုဖိုးဒိုးရွာမှ ရွာသားများအား ခေါပူမှ ၁၆မိုင်အထိ တအိမ်လျှင် ဆန်(၅)အိတ် ထမ်းပေးရမည်ဟု အဓမ္မတောင်း သည့်အခါ ရွာသားများက ငြင်းဆန်သည့်အတွက် ရွာသားများ၏ ယာခင်း(၂၉)ခင်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ထည့် သွင်းပါရှိသည်။ အရပ်သားပြည်သူများအား မြန်မာစစ်တပ်၏ အလားတူ ခိုင်းစေအသုံးပြုမှုကြောင့် ကော့ကရိတ်မြို့နယ်တွင် ရွာသား ၇ဦးအသတ်ခံရပြီး အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတဦး မြေမြှုပ်မိုင်း နင်းမိခဲ့သည်ဟု KNU ကြေညာချက်က ဆိုသည်။

စစ်မြေပြင်အတွင်း အပြစ်မဲ့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးနှင့် ကလေးများကိုပါ အဓမ္မခိုင်းစေခြင်း၊ ခြိမ်းခြောက်ခြင်း၊ စစ်တပ် အကာအကွယ်အဖြစ် အသုံးပြုခြင်းနှင့် မိုင်းရှင်းလင်းပေးခြင်းတို့ကြောင့် မြန်မာအစိုးရသည် ရာဇဝတ်မှုကျူးလွန်နေသည်ဟု သတ်မှတ်ကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဒီမိုကရေစီနိုင်ငံအနေဖြင့်လည်း လူမဆန်သော အစိုးရ၏ လုပ်ရပ် များကို ရပ်တန့်စေရန်၊ ပြင်းထန်သော အရေးယူမှုများပြုလုပ်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် KNU က တောင်းဆိုထားသည်။
KNU သည် ၁၉၄၉ခုနှစ်မှစ၍ အာဏာရမြန်မာအစိုးရအဆက်ဆက်ကို တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အစိုးရဘက်မှ ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမြဲတမ်းဝေဖန် ထောက်ပြပြောဆိုလျှက်ရှိသည်။